ကောင်းဝါ- ဇူလိုင် ၆၊၂၀၂၃။
ယခင်အစိုးရအဆက်ဆက် ကတည်းက မိမိတို့တိုင်းရင်းသားနယ်မြေအတွင်းရှိ IDPs များ၊ စစ်ပြေးစစ်ရှောင်များနှင့် ဒုက္ခသည်များကို ကူညီပံ့ပိုးပေးနေသည့် ဥက္ကဋ္ဌဆာဆာကာဝါနှင့် နီပွန်ဖောင်ဒေးရှင်းအပေါ် တက်ကြွလှုပ်ရှားသူဟုဆိုသော ပုဂ္ဂိုလ်အချို့၏ တိုက်ခိုက်ထိုးနှက်နေမှုအပေါ် NCA-S EAO (၆) ဖွဲ့ အနေဖြင့် ကန့်ကွက်ရှုတ်ချကြောင်း ဇူလိုင် (၅) ရက် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မြန်မာပြည် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက် ဂျပန်အစိုးရက မြန်မာနိုင်ငံဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်အဖြစ် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါကို တာဝန်ပေးအပ်ခဲ့ကြောင်း၊ ယင်းလုပ်ငန်းတာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် NCA-S EAO (၆) ဖွဲ့က ထောက်ခံကြောင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေသည်။
ဥက္ကဋ္ဌ ဆာဆာကာဝါ ဦးဆောင်သည့် နီပွန်ဖောင်ဒေးရှင်းသည် တိုင်းရင်းသားဒေသဖွံ့ဖြိုးရေးအတွက် မြို့သစ်စီမံကိန်းများ ထောက်ပံ့ခြင်း၊ စာသင်ကျောင်းများ ထောက်ပံ့ခြင်း၊ ဆေးရုံများ ထောက်ပံ့ခြင်းအပြင် လူသားချင်းစာနာမှုအကူအညီများတွင် NCA-S EAO ခုနစ်ဖွဲ့၏ နယ်မြေများတွင် အခြေခံရိက္ခာဆန်ဖြန့်ဝေပေးမှုကို ၂၀၂၂-၂၃ ခုနစ်အတွင်း ဆန်အိတ်ရေ ၆၄,၀၀၀ ဖြန့်ဝေနိုင်ခဲ့ပြီး ၂၀၂၃-၂၄ အတွက်လည်း ဆက်လက်ဖြန့် ဝေနိုင်ရန် စီစဉ်လျက်ရှိသည်။
ယခုအချိန်သည် ပဋိပက္ခဒဏ်ခံစားနေရသော တိုင်းရင်းသား ပြည်သူများ၏ အကျိုးအတွက် နီပွန်ဖောင်ဒေးရှင်းနှင့် ဥက္ကဋ္ဌဆာဆာကာဝါအား အပြည့်အဝထောက်ခံကြောင်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNU/KNLA PC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) စသည့် NCA-S EAO တိုင်းရင်းသားလက်နက်ကိုင် (၆) ဖွဲ့က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။