ကောင်းဝါ- ဇူလိုင် ၆၊၂၀၂၃။
မွန်ပြည်နယ်၏ ဂုဏ်ကျက်သရေဆောင် ကျိုက်ထီးရိုးစေတီတော် တောင်တက်ကားလမ်းပေါ်ရှိ လေးဖာတောတံတားမှာ ယနေ့ (ဇူလိုင် ၆ ရက်) မွန်းလွဲ (၃) နာရီအချိန်ခန့်က မိုင်းခွဲဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသခံတစ်ဦးက “ပေါက်ကွဲသံက တော်တော်ကျယ်တယ်။ မိုင်းပေါက်ကွဲမှုဖြစ်သွားတဲ့တံတားက ကျိုက်ထီးရိုးတောင်ခြေကနေ တက်လာရင် ဆယ်မိနစ်စခန်းအလွန် တောင်တက်လမ်းပြီးရင်း ကုန်းအဆင်းမှာရှိတဲ့တံတားပါ။ တံတားရဲ့ ဘယ်ဘက်ခြမ်းမှာဆိုရင် ရေတံခွန်ရှိပါတယ်” ဟု ပြောကြားသည်။
မိုင်းပေါက်ကွဲမှုကြောင့် တံတားအလယ်တွင် (၆) ပေခန့်ရှိသည့် အပေါက်ကြီးဖြစ်သွားကြောင်း နှင့် တောင်တက်မော်တော်ယာဉ်များ သွားလာ၍ မရတော့ကြောင်း ၄င်းဒေသခံက ဆက်ပြောသည်။
ဘုရားပွဲကာလ မဟုတ်သည့်အတွက် တောင်တက်ယာဉ်အတက်အဆင်း သိပ်မရှိသော်လည်း ဒေသခံများအနေဖြင့် ကျိုက်ထီးရိူတောင်ပေါ် နှင့် တောင်အောက်သို့ သွားလာရာတွင် ထိုတောင်တက်လမ်းကိုသာ အသုံးပြုကြရနေကြောင်း ဒေသခံများ ပြောကြားချက်များအရ သိရသည်။