ကောင်းဝါ- ၅ ဇူလိုင် ၂၀၂၃။
ရန်ကုန်မြို့ပေါ်ရှိ အစိုးရဌာနဆိုင်ရာရုံးများအနီး ညပိုင်းအချိန်တွင် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့သော်လည်း လူနှင့်အဆောက်အဦပစ္စည်းထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှု ဖြစ်စဉ်များကို Anonymous Fighters Force-AFF မှ ဦးဆောင်ကာ အခြားသောအဖွဲ့များနှင့်ပူးပေါင်းပြီး ဗုံး (၁၂)လုံး အသုံးပြုကာ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
ယမန်နေ့(ဇူလိုင်လ ၄ ရက်) ည ၉ နာရီကျော်အချိန်က ဗဟန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူပိုင်ခွင့်မှတ်ပုံတင်ဌာနခွဲရုံး၏ ခြံဝန်းအပြင်ဘက်တွင် လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သော်လည်း လူနှင့် ပစ္စည်းထိခိုက်မှုမရှိခဲ့ကြောင်း လုံခြုံရေးနှင့်နီးစပ်သောအရင်းမြစ်ထံမှ သိရသည်။
လုံခြုံရေးတပ်ဖွဲ့က ဆက်လက်ရှာဖွေရာတွင် ပေါက်ကွဲမှုဖြစ်ခဲ့သော နေရာအနီး၌ မပေါက်ကွဲသေးသည့် အဝေးထိန်းလက်လုပ်မိုင်း (၂)လုံးကိုလည်း ထပ်မံတွေ့ရှိသဖြင့် လုံခြုံရေးအဖွဲ့က သက်မဲ့ပြုလုပ်ကာ ရှင်းလင်းပေးခဲ့သည်။
ထို့ပြင် ည ၉ နာရီကျော်အချိန်တွင်လည်း ဗဟန်းမြို့နယ်၊ ဗိုလ်ချုပ်(၁)ရပ်ကွက်၊ ဝင်္ဂဘာလမ်းရှိ မြို့နယ်လဝကရုံးရှေ့၌ ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့သော်လည်း ထိုခိုက်မှုမရှိကြောင်း သိရသည်။
အလားတူ ယမန်နေ့ ည ၉ နာရီကျော်ခန့်မှာလည်း တောင်ဥက္ကလာပမြို့နယ်၊ (၁ဝ) ရပ်ကွက်၊ သစ္စာလမ်းရှိ မြို့နယ်တရားရုံးရှေ့၌ ပထမအကြိမ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ နောက်မိနစ် (၃ဝ)ခန့်အကြာတွင် ဒုတိယအကြိမ်ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့သော်လည်း လူနှင့်အဆောက်အဦပစ္စည်းထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း လုံခြုံရေးသတင်းအရင်းမြစ်များက ဆိုသည်။
ထို့အတူ လှိုင်သာယာမြို့နယ်၊ လှိုင်သာယာရဲစခန်းအနီးမှာလည်း ယမန်နေ့ ည ၉ နာရီကျော်အချိန်က လက်လုပ်မိုင်း(၁)လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။