ကောင်းဝါ- ၅ ဇူလိုင် ၂၀၂၃။
စစ်ကောင်စီ၏ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့မှ ယခုလ ဇူလိုင် (၁-၂) နှစ်ရက်တာအတွင်း သွင်းကုန်စာရွက်စာတမ်းအထောက်အထားမပြနိုင်သော နယ်စပ်မှမှောင်ခိုကုန်ပစ္စည်းများအား ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၂ ထောင်ကျော် (၂၀၅,၆၃၈,၈၀၀) ခန့်ဖမ်းဆီးခဲ့ပြီး အမှုတွဲ(၁၇)မှုရှိကြောင်း သတင်းရရှိသည်။
ဇူလိုင် ၁ နေ့က မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Stainless Steel Pipe (၂၅၀၀)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၆၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂,၁၀၀,၀၀၀)ကို ဖမ်းဆီးအရေးယူခဲ့သည်ဟု ဆိုသည်။
အလားတူ ဇူလိုင် ၂ ရက်တွင် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီး ပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် New Century 12V Battery ((၅၅)ခု အပါအဝင် ကုန်ပစ္စည်း (၈)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၁၉၀,၀၀၀)၊ Yum Yum ခေါက်ဆွဲခြောက် (၇၅၀၀)ထုပ် အပါအဝင် ကုန်ပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၆၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅,၇၉၀,၀၀၀)ကို စစ်ကောင်စီ၏ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့မှ ဖမ်းဆီးရမိခဲ့သည်။
ပဲခူးတိုင်းဒေသကြီး ဘုရားကြီးမြို့နယ် Famous ဆီဆိုင်အနီးတွင်လည်း မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၁)စီးပေါ်မှ Scholl Adult Sandal ဖိနပ်(၅၅၂၀)ရန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၁,၅၉၂,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆,၅၉၂,၀၀၀)ကို ဇူလိုင် ၂ နေ့က ဖမ်းဆီးရမိခဲ့သည်ဟု မြန်မာသတင်းစဥ်က ရေးသားသည်။
ထို့အပြင် တရုတ်ပြည်မှ မူဆယ်နယ်စပ်မှတင်သွင်းလာသော တရုတ်နိုင်ငံထုတ် မုန်လာဥနီ၊ တို့ဟူးခြောက်၊ ထောပတ်မီးအိမ်၊ Novo Make Up, ကြက်အူချောင်း၊ ‘မ’ဝတ် အင်္ကျီများ ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ် (သွင်းကုန်)၌ ဝန်စည်များအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် တိုင်းရင်းဆေး ၂၄၀ ဘူးကိုလည်းကောင်း ဖမ်းဆီးရမိခဲ့သည်ဟု သတင်းဖော်ပြသည်။
ယင်းသို့ နယ်စပ်ဝယ်ယူတင်သွင်းလာသော ကုန်ပစ္စည်းများအပေါ် သွင်းကုန်စာရွက်စာတမ်းမပြသနိုင်သဖြင့် တရားမဝင်မှောင်ခိုကုန်ပစ္စည်းအဖြစ် သတ်မှတ်လိုက်ပြီး သယ်ဆောင်လာသည့် မော်တော်ယာဥ်ကိုလည်း သိမ်းဆည်းသည့်အပြင် ယာဥ်မောင်းများကိုလည်း ဖမ်းဆီးအရေးယူခဲ့သည်ဟု သိရသည်။
