ကောင်းဝါ- ၅ ဇူလိုင် ၂၀၂၃။
မော်လမြိုင်မြို့တွင် ဇူလိုင်လ (၄) ရက် မွန်းလွဲ (၂) နာရီအချိန်ခန့်က ကျပ်သိန်း (၇၀၀) ကျော်တန်ဖိုးရှိ WY/ R စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
မူးယစ်ဆေးဝါးသတင်းအရ မွန်ပြည်နယ် မှုခင်းအကူဌာနစိတ် တာဝန်ရှိသူများမှ မော်လမြိုင်မြို့၊ ကျိက္ခမီလမ်းမကြီး၊ ဒေါင်းဇရပ်မီးပွိုင့်အနီး စောင့်ဆိုင်းနေစဥ် Light Truk အမျိုးအစား မော်တော်ယာဥ်အား စစ်ဆေးခဲ့ရာမှ မော်တော်ယာဉ်၏ ခေါင်းခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြားများ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ Light Truk မော်တော်ယာဥ်အား စစ်ဆေးရာ ယာဥ်မောင်း စန်းလွင်ဦးနှင့် စောညွှန့်တင်ဆိုသူနှစ်ဦး တွေ့ရှိ၍ စစ်ဆေးရာ ၎င်းတို့နှစ်ဦး၏ အလယ်ကြား ဂီယာတိုင်အနီး၌ မှိုင်းကိုင်စက္ကူဖြင့်ပတ်လျက် အထုပ်ကြီး သုံးထုပ်အတွင်း အပြာရောင် ပလပ်စတစ်ကပ်ခွာအိတ်အသေး ၁၄၁ အိတ်ဖြင့် ထည့်ထားသော WY/R စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွဆေးပြား ၂၄၂၀၀ ပြား (ဒေသကာလပေါက်ဈေး (၇၂၆၀၀၀၀၀) ကျပ်) တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
စိတ်ကြရူးသွပ်ဆေးပြားများနှင့်အတူ လက်ဝယ်တွေ့ရှိသူ စန်းလွင်နှင့် စောညွှန့်တင်တို့နှစ်ဦးအား မုပွန်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။