ကောင်းဝါ- ၅ ဇူလိုင် ၂၀၂၃။
မွန်ပြည်နယ်-တနင်္သာရီတိုင်းဒေသကြီးနယ်စပ် မလွှဲတောင်စစ်ဆေးရေးဂိတ်မှ ရေဖြူမြို့မရဲစခန်းသို့ ပြန်လာသည့် ရဲတပ်ကြပ်ကြီးတစ်ဦးအား ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ TPLF ဖမ်းဆီးရမိခဲ့ပြီး ပစ်သတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။
အဆိုပါ ရေဖြူမြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီး ဇော်မင်းဦး အား ဇူလိုင်လ (၂) ရက်က ခရီးသည်တင် ပရိုဘောက်စ်ကားဖြင့် တခြားခရီးသည်များနှင့် အတူ ရောနှောပြန်လာစဉ် သတင်းအရ ထိုခရီးသည်တင် ပရိုဘောက်စ်ကား အား TPLF မှ စစ်ဆေးခဲ့ရာ ရဲယူနီဖောင်းနှင့်အတူ တွေ့ရှိခဲ့ရပြီး ၎င်းအား ဖမ်းဆီးခေါ်ဆောင်လာခဲ့ကြကြောင်း၊ ပြန်လည်ခုခံထွက်ပြေးသည့်အတွက် ပစ်ခတ်ဖမ်းဆီးချိန်တွင် သေဆုံးခဲ့ကြောင်း TPLF က သတင်းထုတ်ပြန်သည်။
“သူ့မှာပါလာတဲ့ လက်ထိပ်နဲ့ဘဲ သူ့ကိုခတ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် (တပ်ရင်း – ၁) တာဝန်ခံဆီကို အပ်နှံဖို့ ခေါ်ဆောင်လာတဲ့အချိန်မှ ခုခံထွက်ပြေးသွားလို့ ပစ်ခတ်ဖမ်းဆီးလိုက်ရတာပါ” ဟု TPLF မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။
ရဲတပ်ကြပ်ကြီး ဇော်မင်းဦး ၏ ရုပ်အလောင်းအား ပူးပေါင်းတပ်ဖွဲ့များက လူသားဂုဏ်သိက္ခာနှင့်အညီ ကောင်းမွန်စွာ မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့ကြောင်း TPLF ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
အမှတ် (၈) ကားမလမ်းမကြီးတလျောက် မလွှဲတောင်နှင့် ရေဖြူမြို့အကြား တော်လှန်ရေးတပ်ဖွဲ့များလှုပ်ရှားနေကြသည်ကို ရေဖြူရဲတပ်ဖွဲ့အနေဖြင့် သိရှိနေပါလျက် မည်သည့်အတွက်ကြောင့် ရဲတပ်ကြပ်ကြီးတစ်ဦးအား စေလွှတ်ရသည်ကို သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးနေသည်ဟု ရဲစခန်းနှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။
လက်ရှိ ကလိန်အောင် – ထားဝယ် ကားလမ်းတလျှောက် နယ်မြေစိုးမိုးရေးလှုပ်ရှားမှုများအား ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF) နှင့် ပူးပေါင်းတပ်ဖွဲ့များဖြစ်ကြသည့် ကံပေါက်ဒေသကာကွယ်ရေးတပ်ဖွဲ့ (KBDF)၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (T1) ဝေဟင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၊ ဇင်ယော်ပြည်သူ့ကာကွယ်ရးတပ်ဖွဲ့ (ပကဖ) ၊ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF)၊ ရေဖြူအလယ်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (DNLA) အဖွဲ့များက ပူးပေါင်းလုပ်ဆောင်နေကြောင်း အင်တာနက်ပေါ် သတင်းဖြန့်ဝေထားသည်။