ကောင်းဝါ- ၅ ဇူလိုင် ၂၀၂၃။
စစ်အာဏာရှင် နှင့် အာဏာရှင်များကို ခုခံတော်လှန်နေကြသည့် လူမျိုးတိုင်း၊ အဖွဲ့အစည်းတိုင်း နှင့် လက်တွဲလုပ်ဆောင်ရမည် ဖြစ်ကြောင်း (၇၄) နှစ်မြောက် ကရင့်အမျိုးသားလွတ်မြောက်ရေး (ကော်သူးလေ) တပ်မတော်နေ့သို့ ကေအဲန်ယူ – ကရင့်အမျိုးသားအစည်းအရုံး ဥက္ကဌ ပဒိုစောကွယ်ထူးဝင်း မှ ယနေ့ပေးပို့သော သဝဏ်လွှာ တွင်ဖေါ်ပြထားချက်အရ သိရသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၏ အကြီးမားဆုံးသော တာဝန်သည် ကရင့်အမျိုးသားများ၏ နိုင်ငံရေး ရပ်တည်ချက်နှင့် ကရင့်ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များအပြင် ကရင့်အမျိုးသားများအား သတ်ဖြတ်ခြင်းများနှင့် ဖျက်ဆီးခြင်းများမှ ကာကွယ်ပေးခြင်းဖြစ်ကောင်း၊ ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်မတော်၏ အဓိကတာဝန်သည် ကရင့်အမျိုးသားအပြင် ပြည်သူလူထုများအား စစ်အုပ်ချုပ်ရေးစနစ်နှစ့် အာဏာရှင်စနစ်ဆိုးများ၏ ညဉ်းပန်းနှိပ်စက်ခြင်းများ၊ ရပ်ရွာများအား မီးရှို့ဖျက်ဆီးခြင်းနှင့် ရက်ရက်စက်စက် သတ်ဖြတ်ခြင်းများမှ တားဆီးကာကွယ်ပေးရန် ဖြစ်ကြောင်း သဝဏ်လွှာတွင် ဖေါ်ပြထားသည်။
ထို့အပြင် မိမိတို့၏ နိုင်ငံရေးရပ်တည်ချက်များနှင့် နိုင်ငံရေး ရည်မှန်းချက်ပန်းတိုင်သည် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကို တည်ဆောက်ရန် ရည်ရွယ်ချက်နှင့်အညီ မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်များ ပြီးမြောက်အောင်မြင်သည်အထိ ကြိုးပမ်းအားထုတ်ကြရပါမည်ဖြစ်ကြောင်း၊ ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင့်အမျိုးသား အဓိက ရည်မှန်းချက်သည် လူမျိုးတိုင်း၊ ပြည်နယ်တိုင်း နှင့် နိုင်ငံတနိုင်ငံလုံးအတွက် အကျိုးရှိသော ဖယ်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်ရန်ဖြစ်ပါကြောင်း နှင့် မိမိတို့ ကရင်အမျိုးသား တစ်စုတစ်ဖွဲ့တည်းနှင့် လူမျိုးတစ်မျိုးတည်းအတွက်သာ မဟုတ်ကြောင်း သဝဏ်လွှာတွင် ဖေါ်ပြထားသည်။
ကရင့်အမျိုးသားများ၏ နိုင်ငံရေးရည်မှန်းချက် နှင့် ကရင့်ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များ သတ်ဖြတ်မှုများနှင့် ဖျက်ဆီးခြင်းများမှ ကာကွယ်နိုင်ရန် မိမိတို့ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် သည် လွန်စွအရေးကြီးသည့် တပ်မတော်ဖြစ်ပါကြောင်း၊ လက်ရှိ နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ အခြေအနေများသည် မိမိတို့နိုင်ငံ၏ သမိုင်းတလျှောက် ဖြစ်ပျက်ခဲ့သည့် အခြေအနေမျိုးနှင့် လုံးဝမတူဘဲ တမူထူးခြားနေပါကြောင်း၊ စစ်အုပ်စုမှ ပြည်သူလူထုများကို ရန်သူသဖွယ် သဘောထားပြီး ရပ်ရွာများကို အမြောက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ရပ်ရွာများ၊ ဆေးရုံဆေးခန်းများ၊ ဘုန်းကြီးကျောင်းများနှင့် ခရစ်ယာန်ဘုရားကျောင်းများအား လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ ကလေးသူငယ်များစာသင်ကြားနေချိန်တွင် စာသင်ကျောင်းများပေါ်သို့ လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းများ အပြင် စာသင်ကျောင်းများပေါ်သို့ လက်နက်ကြီးများဖြင့် အဝေးမှ လှမ်း၍ ပစ်ခတ်ခြင်းများကို လုပ်ဆောင်လေ့ရှိကြောင်း ပဒိုစောကွယ်ထူးဝင်း ၏ သဝဏ်လွှာဖေါ်ပြထားချက်အရ သိရသည်။
ထို့ကြောင့် ကရင့်အမျိုးသားလက်နက်ကိုင် ခုခံတော်လှန်ရေးသမားများ အနေဖြင့် မိမိကိုယ် မိမိ ကရင့်အမျိုးသားများအဖြစ် သိရှိနားလည်ထားကြပြီး ကရင့်အမျိုးသားများနှင့် ပြည်သူလူထုကြီး၏ ရန်သူများကို ခုခံတော်လှန်ပြရမည်ဖြစ်ကြောင်း၊ စစ်အာဏာရှင် နှင့် အာဏာရှင်များကိ ခုခံတော်လှန်နေကြသည့် လူမျိုးတိုင်း၊ အဖွဲ့အစည်းတိုင်း နှင့် လက်တွဲလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း နှင့် မိမိတို့ ကရင့်အမျိုးသားများနှင့် အတူ ကရင့်အမျိုးသားများ၏ နိုင်ငံရေး ရည်မှန်းချက်များ ပြီးပြည့်စုံစေရန် နိုင်ငံရေးသတိ အစဉ်ရှိရန် လိုအပ်မည်ဖြစ်ကြောင်း သဝဏ်လွှာတွင် ဖေါ်ပြထားသည်။
လက်ရှိနိုင်ငံရေး နှင့် စစ်ရေးဆိုင်ရာ အခြေအနေများသည် မိမိတို့နိုင်ငံ၏ သမိုင်းတလျှောက် ဖြစ်ပျက်ခဲ့သည့် နိုင်ငံရေး၊ စစ်ရေး၊ အခြေအနေများနှင့် မတူဘဲ လုံးဝခြားနားလျှက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့ ကေအဲန်ယူ – ကရင့်အမျိုးသားအစည်းအရုံး နှင့် ကရင့်အမျိုးသားလွတ်မြောက်ရေး (ကော်သူးလေ) တပ်မတော် အနေဖြင့် ကရင့်အမျိုးသားများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် ကရင့်အမျိုးသားများ၏ နိုင်ငံရေးအပြင် ပြည်သူလူထု တစ်ရပ်လုံးအား ပိုမိုထိရောက်သည့် ခုခံကာကွယ်မှုများကို လုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း၊ ထို့အပြင် အခြေအနေပေးအပ်လာသည့် အခွင့်အရေးများကို အရယူပြီး ပြည်သူ့ရေးရာ ဝန်ဆောင်မှုအပြင် မိမိတို့၏ အုပ်ချုပ်ရေး အပါအဝင် မိမိတို့၏ ကိုယ်ပိုင်လုံခြုံမှုစနစ် နှင့် လုပ်ထုံးလုပ်နည်းများကို ထူထောင်ရန် လိုအပ်ကြောင်း၊ လက်ရှိ အချိန်ကာလသည် ကြီးမားသည့် စိန်ခေါ်မှုများရှိသကဲ့သို့ မိမိတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့် နှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်မည့် အခွင့်ကောင်းများလည်း ရှိနေကြောင်း သဝဏ်လွှာတွင် ရေးသားဖေါ်ပြထားသည်။
ကရင့်အမျိုးသားများ၏ ခုခံတော်လှန်ရေးကြီး စတင်ပေါ်ပေါက်လာချိန်တွင် ကရင့်လက်နက်ကိုင် ခုခံတော်လှန်ရေး အစုအဖွဲ့များ အများအပြား ပေါထွန်းလာခဲ့ကြောင်း၊ သို့ရာတွင် ကရင့်အမျိုးသားသည် မိမိတို့၏ ဘုံရန်သူ မည်သူမည်ဝါဖြစ်သည်ကို အတည့်အလင်း သိရှိနားလည်ထားကြပါကြောင်း၊ မိမိတို့၏ ရပ်ရွာ၊ နေရပ်ဒေသ နှင့် နယ်ပယ်များတွင် မိမိတို့၏ အိုးအိမ်၊ စည်းစိမ် နှင့် ကျေးရွာများ အပြင် မိမိတို့၏ ပြည်သူလူထုကို စွမ်းစွမ်းတမံ ကာကွယ်ခဲ့ကြကြောင်း၊ နောက်ပိုင်းတွင် ကရင့်အမျိုးသားခုခံတော်လှန်ရေးကြီးသည် ရည်ရွယ်ချက် တစ်ခုတည်း၊ တစ်စုစတစည်းတည်းနှင့် အင်အားကောင်းကောင်းဖြင့် ခုခံတော်လှန်နိုင်ရန်အတွက် ကော်သူးလေ အစိုးရ ကို (၁၉၄၉) ခုနှစ် ဇွန်လ (၁၄) ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ကရင့်အမျိုးသားခုခံတော်လှန်ရေး အစုအဖွဲ့အားလုံးကိုလည်း ကော်သူးလေ တပ်မတော် အဖြစ် စုစည်းခဲ့ကြောင်း သိရသည်။
ထို့နောက် (၁၉၅၆) ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် မောကို (ဆောထိမြို့နယ်) တွင် ပြုလုပ်သည့် ကရင့်အမျိုးသားလုံးဆိုင်ရာ ကွန်ကရက်တွင် ကော်သူးလေတပ်မတော်၏ စစ်ရေးဆိုင်ရာ စီမံချက်များကို ကိုယ်စားလှယ်ခေါင်းဆောင်ကြီးများမှ အတည်ပြုခဲ့ကြပြီး ဖွဲ့စည်းပုံ နှင့် စုဖွဲ့မှုများကို ပြင်ဆင်မွန်းမံခဲ့သည့် ဇူလိုင်လ (၅) ရက်နေ့ကို အစွဲပြုပြီး ကော်သူးလေတပ်မတော်နေ့ အဖြစ် အတည်ပြုခဲ့ကြပြီး၊ ယနေ့ထက်ထိတိုင် ဂုဏ်ပြုကျင်းပလေ့ရှိကြောင်း နှင့် ခေတ်စနစ် နှင့် နိုင်ငံရေးအရ တိုးတက်ဖြစ်ပေါ်မှုများကြောင့် ကော်သူးလေတပ်မတော် အား ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် အဖြစ် ပြောင်းလဲပြီး အသိအမှတ်ပြု ခေါ်ဝေါ်ခဲ့ကြောင်း သိရသည်။