ကောင်းဝါ- ၄ ဇူလိုင် ၂၀၂၃။
ရန်ကုန် – မော်လမြိုင် အမှတ်(၈) ကားလမ်းမကြီးပေါ် မွန်ပြည်နယ် သထုံနှင့် ဘီးလင်းမြို့နယ်ကြား မိုင်းခွဲဖျက်ဆီးခံထားရသော ကျုံအိတ်တံတားအား ယာယီဘေလီတံတားထိုးရန် လုံခြုံရေးအခြေအနေကြောင့် ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း သထုံခရိုင်လမ်းဦးစီးဌာန နှင့် နီးစပ်သူများထံမှ သိရသည်။
သထုံခရိုင်လမ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက “ယာယီဘေလီတံတားထိုးဖို့ ဖရိန်တွေက အဆင်သင့်ရှိနေပြီး။ ဒါပေမယ့် သက်ဆိုင်ရာက လုံခြံရေးမပေးနိုင်တော့ သွားမလုပ်ရဲကြဘူးဖြစ်နေတယ်လို့ သိရတယ်” ဟု ပြောကြားသည်။
အရှည် (၉၅) ပေ၊ လမ်းအကျယ် (၄၁) ပေရှိ အဆိုပါ ကျုံအိတ်တံတားမှာ မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့်အတွက် တံတားအကျည် (၂၇) ပေမှာ ပျက်စီးခဲ့ပြီး၊ ကျန်တံတားအကျယ် (၁၄) ပေပေါ်မှ ယာဉ်များ ဖြတ်သန်းသွားလာနေကြရကြောင်း သိရသည်။
အဆိုပါ ကျုံအိတ်တံတားပေါ်တွင် မော်တော်ယာဉ်ငယ်များ ဖြတ်သန်းသွားလာရအဆင်ပြေသေးသော်လည်း ကုန်တင်ယာဉ်ကြီးများ၊ တွဲကားများ၊ ခရီးသည်တင်မှန်လုံယာဉ်ကြီးများ ဖြတ်သန်းသွားလာပါက အထူးသတိပြုသွားလာနေကြရကြောင်း ယာဉ်မောင်းများ၏ ပြောကြားချက်များအရ သိရသည်။
“တံတားမိုင်းခွဲခံရတဲ့နေ့နဲ့ နောက်တစ်နေ့က လမ်းပိတ်တယ်။ နောက်ပိုင်းရက်တွေတော့ လမ်းမပိတ်တော့ဘူး။ မိုင်းခွဲခံရပြီး ပြိုသွားတဲ့ ဘက်ကို ဒီနေ့အထိတော့ ဘာမှပြင်ဆင်တာမျိုးမတွေ့ရသေးဘူး။ သတိပေးဆိုင်းဘုတ်တွေ ချထားတာမျိုးဘဲရှိသေးတယ်” ဟု ရန်ကုန် – မော်လမြိုင် ခရီးသည်ပို့ဆောင်ပေးနေသည့် ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။
ပြီးခဲ့သည့် ဇွန်လ (၂၉) ရက် နံနက် (၄) နာရီခွဲအချိန်ခန့်က သထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်ကြား ရန်ကုန် – မော်လမြိုင် ကားလမ်း မိုင်တိုင်အမှတ် (၁၃၁/၆) နှင့် (၁၃၁/၇) ကြားရှိ တံတားအမှတ် (၁၃၂/၃) ကျုံအိတ်တံတား အား KNU တပ်မဟာ (၁) ၊ တပ်ရင်း (၂) မှ KNLA/PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း၊ မိုင်းခွဲခံရပြီးနောက် ထိခိုက်ပျက်ဆီးခဲ့သည့် ကျုံအိတ်တံတားအား စစ်ဆေးရန်လာရောက်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ထပ်မံတိုက်ခိုက်ခံရပြီး သထုံခရိုင်လမ်းဦးစီးမှူး တစ်ဦးသေဆုံးကာ (၂၈) ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။