ကောင်းဝါ- ၄ ဇူလိုင် ၂၀၂၃။
မုဒုံမြို့နယ် ညောင်ကုန်းကျေးရွာ မုဒုံ – သံဖြူဇရပ် ကားလမ်းပေါ်ရှိ ညောင်ကုန်းတံတားမှာ ဇူလိုင်လ (၃) ရက် ညနေပိုင်းက မိုင်းခွဲခံရသော်လည်း တံတားထိခိုက်ပျက်ဆီးမှုမရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“မနေ့ (ဇူလိုင်လ (၃) ရက်) ညနေ (၅) နာရီအချိန်လောက်က ပေါက်ကွဲသံကြားလိုက်ရတာပါ။ ပေါက်ကွဲမှုဖြစ်တဲ့ နေရာက ညောင်ကုန်းတံတား ချဉ်းကပ်အုတ်ခုံမှာဖြစ်သွားတာပါ။ တံတားတော့ ထိခိုက်မှုမရှိဘူး။ ချဉ်းကပ်အုတ်ခုံကတော့ ပဲ့ထွက်သွားတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ထိုညောင်ကုန်းတံတားကို KNU အဖွဲ့က မိုင်းခွဲခဲ့ခြင်းဖြစ်ပြီး လူထိခိုက်မှုမရှိကြောင်းလည်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်တွင် ရေးသားထားသည်။
ပြီးခဲ့သည့် ဇွန်လ (၂၉) ရက် နံနက်အစောပိုင်းကလည်း ရန်ကုန် – မော်လမြိုင် ကားလမ်း မိုင်တိုင်အမှတ် (၁၃၁/၆) နှင့် (၁၃၁/၇) ကြား တံတားအမှတ် (၁၃၂/၃)၊ သထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်ကြားရှိ ကျုံအိတ်တံတားမှာ မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး တံတားမိုင်းခွဲခံရစဉ် တံတားပေါ်ဖြတ်သန်းသွားလာနေသည့် ယာဉ် (၂) စီးမှာလည်း ချောင်းအတွင်းပြုတ်ကျပျက်ဆီးခဲ့ကာ အမျိုးသားတစ်ဦးသေဆုံးခဲ့ကာ တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။