ကောင်းဝါ- ၃ ဇူလိုင် ၂၀၂၃။
နေပြည်တော်ရှိ စစ်ကောင်စီကို အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိပုဂ္ဂိုလ်တစ်ဦး လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် နှစ်နိုင်ငံနယ်စပ် တည်ငြိမ်အေးချမ်းရေး အလေးပေးဆောင်ရွက်သွားမည်ဟု ဇူလိုင် (၁) ရက်နေ့စွဲဖြင့် အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။
အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Giridhar Aramane မြန်မာနိုင်ငံသို့ ဇွန် ၃၀ ရက်နေ့က ၂ ရက်တာ လာရောက်လည်ပတ်သည့်ခရီးစဥ်အတွင်း စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာစစ်တပ်ထိပ်တန်းခေါင်းဆောင်တို့အား တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံနယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ အလေးထားဆောင်ရွက်သွားရန် ဆွေးနွေးပြောဆိုခဲ့ကြခြင်း ဖြစ်သည်။
ယင်းသို့တွေ့ဆုံခဲ့ပြီးနောက် နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး ၊ တရားမဝင် နယ်စပ် ဖြတ်ကျော် သွားလာမှုများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် မှောင်ခို ရောင်းဝယ်မှု ကဲ့သို့သော နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများ ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်မှာ ဖော်ပြသည်။
အိန္ဒိယနှင့်မြန်မာ နှစ်ဖက်စလုံးက ၎င်းတို့၏ သက်ဆိုင်ရာနယ်မြေများကို အခြားတစ်ဖက်နှင့် ဆန့်ကျင်ဘက်ပြုသည့် လုပ်ဆောင်ချက်များအတွက် အသုံးပြုခွင့်ပေးမည်ကြောင်း သေချာစေရန် ၎င်းတို့၏ ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့သည်ဟု ဆိုသည်။
ကီလိုမီတာ ၁၇၀၀ ခန့် နှစ်နိုင်ငံနယ်နိမိတ်ချင်း ထိစပ်နေသည့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတိုင်းသည် အိန္ဒိယ၏ဒေသများအပေါ် တိုက်ရိုက်သက်ရောက်မှုရှိသောကြောင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးနှင့် ပြည်သူများ၏ သုခချမ်းသာသည် အိန္ဒိယအတွက် အရေးအကြီးဆုံးအဖြစ် ရှိနေပါကြောင်း အူရဒူ၊ ဟိန္ဒူ၊ မဏိပူရီ၊ တမီလ်နှင့် အဂႅလိပ်ဘာသာဖြင့် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်တွင် ကသည်းနှင့် ကူကီးတိုင်းရင်းသားမျိုးနွယ်စုအကြား ယခု ၂ လအတွင်းဖြစ်ပွားခဲ့သော အဓိကရုဏ်းများကြောင့် ရဲတပ်ဖွဲ့၏ လက်နက် ၄,၀၀၀ ကျော်လုယက်ခံရ၊ ခရစ်ယာန်ဘုရားကျောင်း ၂၀၀ နှင့် ဟိန္ဒူဘုရားကျောင်း ၁၇ ကျောင်း ပျက်စီး၊ လူ ၁၀၀ ကျော်သေဆုံး၊ လူ ၆၀,၀၀၀ ကျော် အိုးအိမ်များစွန့်ခွာ ထွက်ပြေးကာ စခန်း ၃၅၀ မှာ ခိုလှုံနေရပြီး ခရိုင် ၁၆ ခုတွင် စာသင်ကျောင်းများပိတ်ထားရသလို အင်တာနက်ကိုလည်း ဆိုင်းငံ့ထားကြောင်း သတင်းရရှိသည်။
Photo-မဏိပူရ-မြန်မာနယ်စပ် လူမျိုးရေးအဓိကရုဏ်းများ။
