ကောင်းဝါ- ၃ ဇူလိုင် ၂၀၂၃။
ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ကြမည့် MoU အလုပ်သမားများအနေဖြင့် ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းကို တက်ရောက်ရမည်ဖြစ်ကြောင်း၊ အဆိုပါ သင်တန်းကို ဇူလိုင် (၄)ရက်မှ စတင်ကာ တစ်ရက်လျှင် (၄) ကြိမ် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန၊ ရွှေ့ပြောင်းအလုပ်သမား ဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက “တရားဝင် ပြည်ပကို သွားရောက် လုပ်ကိုင်ဖို့စေလွှတ်တဲ့ လုပ်ငန်းစဉ်တွေမှာ ဒီလက်မှတ်ပါမှရမယ်။ ဒါက ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်ရင် သိသင့်သိထိုက်တဲ့ အချက်အလက်တွေ အခမဲ့ ဖြန့်ဝေပေးတဲ့သင်တန်းပါ” ဟု ပြောသည်။
MoU အလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရာတွင် ထိုင်းနိုင်ငံ၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့်အညီ ဆောင်ရန်/ရှောင်ရန်များကို အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်းအဖြစ် သင်ကြားပို့ချသွားမည်ဟု ဆိုသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ဘာသာစကားအားနည်းခြင်း၊ အခြေခံဗဟုသုတနှင့် လုပ်ငန်းခွင်စည်းမျဉ်းစည်းကမ်းများကို သိရှိနားလည်မှု အားနည်းခြင်းတို့ကြောင့် မလိုလားအပ်သည့် အလုပ်သမားရေးရာ ပြဿနာများ ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရသည်။
ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းများကို ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကုန်) နှင့် (မန္တလေး) တို့တွင် ဖွင့်လှစ်ထားကြောင်း သိရသည်။