ကောင်းဝါ ၃ ဇူလိုင် ၂၀၂၃။
သံဖြူဇရပ်မြို့နယ် စခန်းကြီးကျေးရွာမှ ဝယ်ယူလာသည့် ငွေကျပ် ၁၄ သိန်းတန်ဖိုးရှိဘိန်းစာရွက်များကို သံဖြူဇရပ်မြို့ပေါ် ကြံ့ခိုင်ရေးရပ်ကွက်၌ သတင်းအရ ဇူလိုင် ၂ ရက် ညသန်းခေါင်အချိန်ခန့်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။
နယ်မြေခံရဲတစ်ဦးက “စခန်းကြီးကျေးရွာက ရော်ဘာခြံမှာ ကရင်အမျိုးသားတစ်ဦးဆီက ဝယ်ယူခဲ့တာလို့ ဦးဇော်မြင့်က ထွက်ဆိုချက်ပေးထားတယ်” ဟု ပြောသည်။
သံဖြူဇရပ်မြို့၊ ကြံ့ခိုင်ရေးရပ်ကွက်၊ ဂန္မာလမ်း၊ ဦးဇော်မြင့်(ခေါ်) အမစ် (၅၀) နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ ၄င်းနေအိမ်တဲအောက်မှ ဘိန်းစာရွက်အစို ၅၀ ကျပ်သားပါ အထုပ် ၄၅ ထုပ်၊ အလေးချိန် ၃၆ ဒဿမ ၇ ကီလိုဂရမ် ကာလတန်ဖိုး ကျပ် ၁,၄၆၉,၇၀၀ ခန့်အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထိုဘိန်းစာရွက်အစိုများ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဦးဇော်မြင့်အား သံဖြူဇရပ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုရေးဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။
ယခုအခါ ဘိန်းစာရွက်ပြုတ်ရေကို သံဖြူဇရပ်မြို့နယ်အတွင်း စီးပွားဖြစ်ရောင်းချမှုများရှိနေပြီး သက်ဆိုင်ရာနယ်မြေလုံခြုံရေးကို လိုင်းကြေးပေးဆောင်ခြင်းမရှိပါက ဖမ်းဆီးခံရမည်ဖြစ်ကြောင်း မူးယစ်ဆေးဝါးစောင့်ကြည့်လေ့လာသူများက ကောင်းဝါသတင်းဌာနသို့ ဆက်သွယ်သတင်းပေးပို့မှုများ ရှိသည်။`