ကောင်းဝါ- ၃ ဇူလိုင် ၂၀၂၃။
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာတွင် ဇူလိုင်လ (၂) ရက် နံနက်ပိုင်း အချိန်က အငြိမ်းစားဗိုလ်မှူးတစ်ဦး၏သား ဖြစ်သူမှာ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ယမန်နေ့ နံနက်ပိုင်းက အဆိုင်ပါ ချောင်းနှစ်ခွကျေးရွာရှိ ချောင်းနှစ်ခွတံတား လုံခြုံရေးဂိတ်ဘက်မှ ပစ်ခတ်သံများကြားရကြောင်း၊ ထို့နောက် နံနက် (၁၁) နာရီအချိန်ခန့်တွင် ချောင်းနှစ်ခွဒေသခံတစ်ဦးဖြစ်သူ အသက် (၂၃) နှစ်အရွယ် ကိုငြိမ်းချမ်းဆိုသူမှာ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“မနက်ပိုင်းမှာ သေနတ်သံတွေ တိတ်သွားတော့ ကိုငြိမ်းချမ်းက ခြံထဲသွားဖို့ ဆိုင်ကယ်နဲ့ ထွက်သွားတာ၊ တံတားက ပိတ်ထားတော့ ရွာဘက်ကို ပြန်လှည့်လာတဲ့အချိန်မှာ Sniper နဲ့ နှစ်ချက် ပစ်ခတ်ခံခဲ့ရတာလို့ သိရတယ်။ ရင်ဘတ်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည့် ကိုငြိမ်းချမ်း ၏ ဖခင်ဖြစ်သူမှာ အငြိမ်းစားဗိုလ်မှူး တစ်ဦးဖြစ်ပြီး၊ ဘုရားသုံးဆူမြို့ရှိ မွေးမြူရေးနှင့် ရေလုပ်ငန်းဘဏ်မန်နေဂျာတစ်ဦးဖြစ်ကြောင်း နှင့် ကိုငြိမ်းချမ်း ၏ ရုပ်အလောင်းအား ယနေ့တွင် သင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ထို့နောက် ချောင်းနှစ်ကျေးရွာရှိ ချောင်းနှစ်ခွနယ်မြေရဲစခန်း နှင့် ချောင်းနှစ်ခွတံတားရှိ လုံခြုံရေးဂိတ်တို့မှာ Drop Bomb (၃) လုံးချကာ တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ဦး သေဆုံးခဲ့ကြောင်း နှင့် ထိုတိုက်ခိုက်မှုအား Saw Dragon Drone Force နှင့် Lion Battalion Commando – ဗျူဟာစစ်ကြောင်း တို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Saw Dragon Drone Force အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။