ကောင်းဝါ ၃ ဇူလိုင် ၂၀၂၃။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အမှတ် (၁) ရပ်ကွက်အတွင်း ဇူလိုင်လ (၂) ရက် ညပိုင်းက လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများ ထံမှ သိရသည်။
ယမန်နေ့ ည (၇) နာရီဝန်းကျင်အချိန်ခန့်က ကော့ကရိတ်မြို့ အမှတ် (၁) ရပ်ကွက်၊ ရွှေကြက်မင်းလမ်း၊ အ.ထ.က (ချောင်းတောင်) အနီးရှိ ဦးစံငြိမ်း ဆိုသူ၏ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည့် အတွက် ဦးစံငြိမ်း ၏ သမီးဖြစ်သူ အသက် (၁၅) နှစ်အရွယ် နန်းစုခိုင်ငြိမ်း တွက် လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း မြို့ခံတစ်ဦးကပြောကြားသည်။
“နန်းစုခိုင်ငြိမ်း မှာ ညာဘက်ခြေထောက် ဗုံးစဖောက်ဝင်ဒဏ်ရာရရှိခဲ့ပါတယ်။ နေအိမ်လည်း ထိခိုက်ပျက်ဆီးမှုတွေ ရှိခဲ့ပါတယ်” ဟု ၎င်းမြို့ခံက ဆက်လက်ပြောကြားသည်။
လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့သည့် နန်းစုခိုင်ငြိမ်း မှာ ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျှက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် ညနေပိုင်းကလည်း ကော့ကရိတ်မြို့၊ အမှတ် (၂) ရပ်ကွက်ရှိ ဇောတိကာရာမကျောင်းတိုက်အတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ဦးဇင်းတစ်ပါး ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ ဓမ္မာရုံအမိုးနှင့် မျက်နှာချက်များ ပျက်စီးခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
အလားတူ ဇွန်လ (၂၈) ရက် ညနေ (၅) နာရီခွဲအချိန်ခန့်ကလည်း ကရင်ပြည်နယ် ကော့ကရိတ်မြို့၊ အမှတ် (၂) ရပ်ကွက်အတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူတစ်ဦး သေဆုံးကာ (၃) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။