ကောင်းဝါ- ၂ ဇူလိုင် ၂၀၂၃။
နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံသော စီမံကိန်းများဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (သို့မဟုတ်) ပုဂ္ဂိုလ်များအပေါ် အနှောင့်ယှက်ပေးခြင်း၊ ဆက်ကြေးတောင်းခြင်း စသည့်ပြစ်မှုကျူးလွန်သူ မည်သူမဆို ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း MNDAA/TNLA/AA ညီနောင်(၃)ဖွဲ့က သတင်းထုတ်ပြန် ထုတ်ပြန်သည်။
ကိုးကန့်တပ်မတော်(MNDAA)၊ တအာင်း(ပလောင်)တပ်မတော်(TNLA)နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ပါဝင်သော မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့က “ထိန်းချုပ်နယ်မြေအတွင်း တည်ငြိမ်အေးချမ်းရေးအတွက် ပူးတွဲထုတ်ပြန်ကြေညာချက် အမှတ် ၂၀၂၃/၄” ကို တရုတ်၊ မြန်မာ နှစ်ဘာသာဖြင့် ယမန်နေ့ ၂၀၂၃ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အကြမ်းဖက်လုပ်ရပ်များအား ကျူးလွန်သူများနှင့် ရာဇဝတ်မှုကျူးလွန်သူများအား အကာအကွယ်ပေးနေသူများကိုလည်း ဖြိုခွင်းတိုက်ဖျက် အရေးယူသွားမည်ဖြစ်သည့်အပြင် လူကုန်ကူးခြင်းနှင့် အတင်းအဓမ္မ လုပ်အားစေခိုင်းသူများကို ထိထိရောက်ရောက် အရေးယူသွားမည်ဟုလည်း ဆိုသည်။
ဒေသတွင်း တည်ငြိမ်အေးချမ်းလုံခြုံရေးနှင့် သူတစ်ပါး၏ အသက်အိုးအိမ်စည်စိမ်များကို ထိခိုက်စေနိုင်သော မည်သည့်အကြမ်းဖက်လုပ်ရပ်များနှင့် ကျူးလွန်သူများကို မည်သည့်အခါမျှ အားမပေးဘဲ တားဆီးကာ တိုက်ဖျက်ချေမှုန်းသွားမည်ဟု ဆိုသည်။
ရာဇဝတ်မှု ကျူးလွန်သည့် လုပ်ရပ်များနှင့် ပတ်သက်သော ပစ္စည်းဥစ္စာများကို ဥပဒေနှင့်အညီ ထိန်းသိမ်းပြီး စစ်ဆေးကာ နည်းမှန်လမ်းမှန်နှင့် အရေးယူသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
မြန်မာပြည်သူတစ်ရပ်လုံးနှင့် မိမိတို့တော်လှန်ရေးအဖွဲ့အစည်းများအပေါ် အားပေးထောက်ခံသူများအနေဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေး အကြမ်းဖက်တိုက်ဖျက်ရေးနှင့် ရာဇဝတ်မှုကျူးလွန်သည့်လုပ်ရပ်များအား ချေမှုန်းရေးလုပ်ရပ်များတွင် အတူတကွ တက်ကြွစွာပါဝင်ကြရန်လည်း တိုက်တွန်းထားကြောင်း တွေ့ရှိရသည်။
မြန်မာနိုင်ငံတွင် စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်း တွေ့ရှိရသည်။