ကောင်းဝါ- ၂ ဇူလိုင် ၂၀၂၃။
ရန်ကုန် – မော်လမြိုင် အမှတ် (၈) ကားလမ်းမကြီး ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီးတွင် ယနေ့ (ဇူလိုင်လ (၂) ရက်) နံနက် (၇) နာရီအချိန်ခန့်က လုံခြုံရေးတပ်ဖွဲ့ နှင့် KNU/KNLA/PDF ပူးပေါင်းတပ်ဖွဲ့ကြား တစ်နာရီအချိန်ခန့် ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် မော်တော်ယာဉ်များ တစ်နာရီကျော်ကြာ ပိတ်ဆို့နေခဲ့ရကြောင်း ဒေသခံများက ဆိုသည်။
တိုက်ပွဲဖြစ်ပွားရာနေရာဘက်မှ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကြားရပြီး တိုက်ပွဲဖြစ်ပွားချိန် တစ်နာရီ ဝန်းကျင်ခန့် ကြာမြင့်ခဲ့သော်လည်း နစ်ဖက်ထိခိုက်ဒဏ်ရာသေဆုံးမှု မသိရသေးကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“နှစ်ဖက် ထိခိုက်မှုတွေတော့ရှိနိုင်တယ်။ အတိအကျတော့ မသိရသေးဘူး” ဟု ၎င်းဒေသခံက ပြောသည်။
တိုက်ပွဲအပြီးသွားချိန်တွင် KNU/KNLA/ PDF ပူးပေါင်းတပ်ဖွဲ့များမှ အထက် အင်္ဂဘိုကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားသည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးအပတ်အတွင်း ကျိုက်ထို၊ ဘီးလင်း နှင့် သထုံမြို့နယ်များအတွင်းရှိ ရန်ကုန် – မော်လမြိုင်ကားလမ်း တလျှောက်တွင် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။
ဇွန်လ (၂၉) ရက် နံနက် (၄) နာရီခွဲ အချိန်ခန့်က ရန်ကုန် – မော်လမြိုင်ကားလမ်း သထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်ကြားရှိ ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရပြီး ယာဉ်နှစ်စီးချောင်းအတွင်းပြုတ်ကျကာ အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး၊ တစ်ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရသည်ကို လာရောက်စစ်ဆေးသည့် ဌာနဆိုင်ရာတာဝန်ရှိသူများလည်း ပစ်ခတ် တိုက်ခိုက်ခံခဲ့ရပြီး သထုံခရိုင်လမ်းဦးစီးမှူး သေဆုံးကာ လုံခြုံရေးတပ်ဖွဲဝင်များအပါအဝင် (၂၈) ဦးခန့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
၎င်းအပြင် ဇွန်လ (၃၀) ရက်က မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရန်ကုန် – မော်လမြိုင် ကားလမ်းပေါ်ရှိ ရွှေသံလွင် တိုးဂိတ်အဟာင်း အဖွဲ့စုံ စစ်ဆေးရေး ဂိတ် နှင့် ဘီးလင်းမြို့နယ် နှင့် ကျိုက်ထိုမြို့နယ်ကြား သဲဖြူချောင်းတံတား (သံတံတားဂိတ်) များ Drop Bomb ချ တိုက်ခိုက်ခံခဲ့ရသည့်ပြင်၊ ဇူလိုင်လ (၁) ရက်နေ့ မွန်းလွဲပိုင်းအချိန်ကလည်း အဆိုပါ ဘီးလင်းမြို့နယ် နှင့် ကျိုက်ထိုမြို့နယ်ကြား သဲဖြူချောင်းတံတား (သံတံတားဂိတ်) များ Drop Bomb ချ တိုက်ခိုက်ခံခဲ့ရကြောင်း လုံခြုံရေးတပ်ဖွဲ့ နှင့် နီးစပ်သူများထံမှ သိရသည်။