ကောင်းဝါ ဇူလိုင် ၁၊ ၂၀၂၃။
မွန်ပြည်နယ် ရေးမြို့နယ်အတွင်း မကြာခဏပစ်ခတ်တိုက်မှုများဖြစ်ပွားနေသောကြောင့် နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသည့်အတွက်ကြောင့်ဟုဆိုကာ မော်လမြိုင်မြို့သို့ ပြောင်းရွှေ့နေထိုင်မှုများရှိနေသည့်အတွက် မော်လမြိုင်အိမ်ခြေမြေဈေးကွက်အရောင်းသွက်နေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။
“လတ်တလောမှာ ဖားအောက်ကျေးရွာဘက်၊ နောက် မြိုင်သာယာက်ရပ်ကွက်ဘက်နဲ့ မော်လမြိုင် အောက်လမ်းမကြီးတလျှောက်က အိမ်တွေ အရောင်းအဝယ်တွေ ဆက်တိုက်ဖြစ်နေတယ်။ ပြီးခဲ့တဲ့ တစ်ပတ်အတွင်းကို အိမ် (၈) လုံး အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အများအားဖြင့်က ရေးမြို့နယ် မော့ကနင်၊ လမိုင်း ဘက်ကနဲ့ ရေးမြို့အောက်ပိုင်းက ကျေးရွာတွေက လာဝယ်ကြတာများတယ်” ဟု မော်လမြိုင်မြို့မှ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦး က ပြောကြားသည်။
ထိုသို့ မော်လမြိုင်မြို့နယ်အတွင်း အိမ်ခြံမြေ ဝယ်ယူလိုသူများပြားနေသည့်အတွက်ကြောင့် ဈေးနှုန်းမှာလည်း မြင့်တက်လျက်ရှိကြောင်း သိရသည်။
“တိုက်ခန်းတွေကတော့ သတ်မှတ်ဈေးနှုန်းတွေတော့ရှိတယ်။ အိမ်တွေက အများအားဖြင့်ကတော့ သတ်မှတ်နှုန်းထားမရှိဘူး။ ကြိုက်ရောင်းကြိုက်ဝယ်သဘောများတယ်။ ဒါပေမယ့် ဈေးနှုန်းအဆမတန်ကြီးတော့ အရောင်းရများနေတာမျိုးတော့ မရှိပါဘူး” ဟု ၎င်းအိမ်ခြံမြေ အကျိုးဆောင်က ဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ရေးမြို့နယ် နှစ်ကရင်ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများ၌ တိုက်ပွဲများဖြစ်ပွားခဲ့သည့်အတွက် ယင်းကျေးရွာနေ ဒေသခံများမှ ဆွေမျိုးများရှိရာ မော်လမြိုင်မြို့သို့ လာရောက်ကာ စစ်ဘေးတိမ်းရှောင်မှုများလည်း ရှိနေကြောင်း သိရသည်။
“တချို့လည်း ဆွေမျိုးတွေရှိတဲ့ နေအိမ်တွေမှာ ခဏနေနေကြတယ်။ တချို့ကလည်း ဘုန်းကြီးကျောင်းတွေမှာ နေနေကြတယ်။ ဖြစ်နိုင်ရင် မော်လမြိုင်ကို ပြောင်းရွေ့နေထိုင်ကြဖို့ လုပ်နေသူတွေလည်းရှိနေကြတယ်။ အဲ့ဒီအတွက် အိမ်ခြံမြေ ဈေးနှုန်းစုံစမ်းနေကြသူတွေလည်းရှိနေတယ်” ဟု နှစ်ကရင်ကျေးရွာဒေသခံတစ်ဦး က ပြောကြားသည်။
လက်ရှိတွင်လည်း ရေးမြို့နယ်အတွင်း အိမ်ခြံမြေများ ရောင်းချနေသူ အများအပြားရှိနေကြောင်း ရေးဒေသခံ အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။