ကောင်းဝါ-ဇူလိုင် ၀၁၊ ၂၀၂၃။
ကချင်ပြည်နယ်အတွင်း တရုတ်ကောင်စစ်ဝန်လိုက်ပါလာသည့်ယာဉ်တန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပစ်ခတ်ခဲ့သည်ဟု နစက (SAC) ဘက်မှ စွပ်စွဲထားသလို နစကလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့မှ ပစ်ခတ်သည်ဟုလည်း KIO က အပြန်အလှန်စွပ်စွဲကြသည်။
ဇွန် ၂၇ ရက်နေ့က ဆဒုံး – ကန်ပိုင်တီ လမ်းတစ်လျှောက် တရုတ်ကောင်စစ်ဝန်ပါဝင်သည့် ယာဉ်တန်းဖြတ်သန်းချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို KIO အနေဖြင့် ပစ်ခတ်စရာအကြောင်းဟု ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက သတင်းဌာနအချို့ကို ပြောခဲ့သည်။
ဗိုလ်မှူးကြီးနော်ဘူက “ပြည်သူ့စစ်အဖွဲ့ ပစ်ခတ်တယ်ဆိုတဲ့ သတင်းတွေတော့ ထွက်နေပါတယ်။ ကျွန်တော်တို့ KIO အနေနဲ့ ပစ်ခတ်ဆိုတာ မကြားမိပါဘူး၊ ကျွန်တော်တို့ကတော့ ပစ်စရာအကြောင်းလည်း မရှိပါဘူး”ဟု ငြင်းဆိုသည်။
တဖက်မှာလည်း မိမိတို့ ပြည်သူစစ်အဖွဲ့အနေဖြင့် တပ်မတော်လက်အောက်တွင် ရှိနေပြီး ဥပဒေဘောင်အတွင်းက အဖွဲ့အစည်းဖြစ်သောကြောင့် လုပ်ဆောင်မည်မဟုတ်ကြောင်း လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)ဥက္ကဌ ဦးရွှေမင်းက သတင်းဌာနများသို့ ချေပပြောဆိုခဲ့သည်။
“ပစ်ခတ်တဲ့အဖွဲ့တွေကတော့ KIA အဖွဲ့ဆိုတာ ကျွန်တော်တို့ အတည်ပြုလို့ရပါတယ်” ဟု နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း၏ စွပ်စွဲပြောဆိုချက်ကို မြဝတီ TV က ဖော်ပြခဲ့သည်။
ဖြစ်စဥ်မှာ ကန်ပိုက်တီမြို့မှတဆင့် မြန်မာနိုင်ငံသို့ တရုတ်စစ်တပ်ကိုယ်စားလှယ်များ ဝင်ရောက်လာခြင်းဖြစ်ပြီး သွားကြိုသည့် စစ်တပ်နှင့် နယ်ခြားစောင့်တပ်၏ ရှေ့ပြေးဒုတိယယာဉ်မှ လက်နက်ငယ်ဖြင့် ၅ ချက်ပစ်ခတ်ခံရသော်လည်း တစုံတရာထိခိုက်မှုမရှိကြောင်း ၎င်းက ဆိုသည်။
တရုတ်ကောင်စစ်ဝန်ရုံးအဖွဲ့၏ ကား ၁၃ စီးပါ ယာဉ်တန်းသည် တရုတ်ပြည်၊ ထိန်ချုန်းမြို့မှ မြစ်ကြီးနားသို့ ဦးတည်မောင်းလာစဉ် ဝိုင်းမော်မြို့နယ်အတွင်းရှိ ဆဒုံးမြို့အလွန် အင်ဝမ်းကောင်ရွာနှင့် လနားရေတံခွန်ကြား၌ အပစ်ခံရခြင်းဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာအချို့က ရေးသားဖော်ပြသည်။
Photo; နစကထုတ်ပြန်ထားသည့် တရုတ်ယာဉ်တန်း ပစ်ခတ်ခံရသည့်နေရာ။