ကောင်းဝါ ဇူလိုင် ၁၊ ၂၀၂၃။
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ဒေသခံပြည်သူ အမျိုးသားတစ်ဦး သေဆုံးကာ ကလေးတစ်ဦး နှင့် အမျိုးသမီးကြီးတစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ ည (၈) နာရီ (၅၀) မိနစ်အချိန်ခန့်က ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် ခမရ (၂၈၄) တပ်ရင်း မှ ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ရာ တကူးခီး (ခ) တဂေးကျေးရွာရှိ ရော်ဘာခြံအတွင်း ကျရောက် ပေါက်ကွဲခဲ့သည့်အတွက် အသက် (၄၄) နှစ်အရွယ် စောပိုပို (ခ) စောစိုးလင်းမှာ လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
အလားတူ ခလရ – ၂၇၅ တပ်ရင်း မှ ကရင်ပြည်နယ် မြဝတီမြို့နယ် မဲကနယ်ကျေးရွာအတွင်းသို့ ဇွန်လ (၃၀) ရက် ည (၇) နာရီ (၂၀) မိနစ်အချိန်ခန့်က ၁၂၀ မမ လက်နက်ကြီး (၄) လုံးပစ်ခတ်ခဲ့ကြောင်း၊ ထိုလက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၁၀) နှစ်အရွယ် နော်အယ်ဖေခလိ တွင် ခြေထောက်ထိမှန်ဒဏ်ရာ နှင့် အသက် (၇၆) နှစ်အရွယ် နော်ကာ့ညာ့မိုး (ခ) နော်မငို မှာ လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “စစ်တပ်က လက်နက်ကြီး (၄) လုံးပစ်တာ တစ်လုံးက နော်မငို အိမ်အနီးမှာ ကျရောက်ပေါက်ကွဲခဲ့လို့ မြေးအဖွားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ” ဟု ပြောကြားသည်။
ထို့အတူ ကော့ကရိတ်မြို့အခြေစိုက် ခလရ (၉၇) တပ်ရင်းကို ဇွန်လ ၂၉ ရက်နေ့တွင် KNLA ပူးပေါင်းတပ်ဖွဲ့က (၆၀) မမ မော်တာဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ယင်းသိုး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တဖက်နှင့်တဖက် အဝေးမှ လက်နက်ကြီးဖြင့် လှမ်းပြီးပစ်ခတ်ခဲ့မှုကြောင့် ပြည်သူတစ်ဦးသေဆုံးကာ (၃) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများက ဖော်ပြသည်။
ပြီးခဲ့သည့် မေလအတွင်း စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် (၁၀၂) ကြိမ်ပစ်ခတ်ခဲ့ပြီး လေယာဉ်ဖြင့် (၉) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုများအတွင်း ဒေသခံပြည်သူ (၃) ဦးသေဆုံးကာ (၁၇) ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း၊ ခရစ်ယာန်ဘုရားကျောင်း တစ်ကျောင်း၊ နေအိမ် (၂၆) လုံး ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း ဒူးပလာယာခရိုင် သတင်းနှင့် ပြန်ကြားရေးမှ ထုတ်ပြန်ခဲ့သည်။