ကောင်းဝါ ဇူလိုင် ၁၊ ၂၀၂၃။
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက် ဒေသခံပြည်သူ ထောင်နှင့်ချီပြီး ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ပြီးခဲ့သည့် ဇွန်လ (၂၆) ရက် မှစတင်ပြီး စစ်ကောင်စီတပ်မှ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ တော့ပလော့ နှင့် တောင်ကလေးကျေးရွာဘက်မှ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ကျေးရွာအုပ်စု နှင့် တောင်ညိုတောင်ခြေဘက်သို့ စစ်ကြောင်းထိုးလာသည့်အတွက် KNU/KNLA/PDF ပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ဆိုကြသည်။
“ပြီးခဲ့တဲ့ ဇွန်လ (၂၆) ရက်ကစလို့ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာမှာ အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ အမြောက်တပ် (၃၁၈) ကနေ လက်နက်ကြီးနဲ့ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုအတွင်းကို ပစ်ခတ်ပါတယ်။ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ဒေသခံပြည်သူတွေ သေဆုံးတာ၊ ထိခိုက်ဒဏ်ရာရတာတွေလည်းရှိနေပါတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
ပြီးခဲ့သည့် ရက်ပိုင်းက အဆိုပါ ခလယ်တံခွန်တိုင်ကျေးရွာအတွင်းသို့ စစ်ကောင်စီအမြောက်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံပြည်သူ (၃) ဦးသေဆုံးကာ နေအိမ် (၅) လုံးပျက်ဆီးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ထို့အတွက်ကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ပုလိမ်၊ ခလယ်တံခွန်တိုင်၊ မြို့ဟောင်း၊ ခလယ်ရွာလေး၊ ဘုရားငါးဆူ နှင့် နန်းသိုင်းထွန်း အစရှိသည့် ကျေးရွာများအတွင်း နေထိုင်ကြသည့် ဒေသခံပြည်သူ (၃၀၀၀) ကျော်မှာ ဘေးလွတ်ရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
ပြီးခဲ့သည့်ရက်ပိုင်းတွင် ခလယ်တံခွန်တိုင်ရဲစခန်းကို KNU/KNLA/PDF ပူးပေါင်းတပ်ဖွဲ့များ ပစ်ခတ်မှုကြောင့် စစ်ကောင်စီစစ်ကြောင်းထိုး ဝင်ရောက်လာခဲ့သည်ဟု စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်အကောင့်များမှ ရေးသားခဲ့သည်။
ပြီးခဲ့သည့် မေလအတွင်းက တပ်မဟာ (၆) နယ်မြေအတွင်း စစ်ဘေးရှောင်ဦးရေ (၂၂၅၂၃) ဦးရှိပြီး မိုးရာသီကာလဖြစ်နေသည့်အတွက် စားနပ်ရိက္ခာ၊ ဆေးဝါး၊ နေရာထိုင်ခင်း နှင့် အခြေခံအသုံးအဆောင်ပစ္စည်းများ လိုအပ်ချက်များစွာရှိနေကြောင်း KNU ဒူးပလာယာခရိုင် သတင်းနှင့် ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။
Photo; KIC