ကောင်းဝါ ဇူလိုင် ၁၊ ၂၀၂၃။
ရေးမြို့နယ် ခေါဇာမြို့အနီးတဝိုက်ရှိ ရော်ဘာ၊ ကွမ်းသီး၊ ဒူးရင်း၊ ကွမ်း အစရှိသော နှစ်ရှည် နှင့် ဥယျာဉ်ခြံများအတွင်း နေထိုင်ခြင်းမပြုရန် စစ်ကောင်စီလက်အောက်ခံ ခလရ – ၃၁ တပ်မှ ဇွန်လ (၃၀) ရက် မွန်းလွဲပိုင်းက အသံချဲ့စက်ဖြင့် လိုက်လံကြေငြာခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ထိုသို့ စစ်ကောင်စီလက်အောက်ခံ ခလရ – ၃၁ တပ်မှ အသံချဲ့စက်ဖြင့် လိုက်လံကြေငြာခဲ့သည့်အတွက် ဒေသခံများအနေဖြင့် ကြောက်လန့်ကာ နေအိမ်များသို့ အမြန်ဆုံးပြန်ပြေးလာခဲ့ကြရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းက “ဘယ်သူမှ ခြံထဲမသွားရဲတော့ဘူး ၊ နောက်ပြီး အိမ်ထဲကနေ အိမ်ပြင်မထွက်ကြဖို့ကလည်း ပြောသေးတယ်” ဟု ပြောကြားသည်။
အဆိုပါ ခေါဇာမြို့နှင့် အနီးတဝိုက်ဒေသများအတွင်း တိုက်ပွဲများဖြစ်ပေါ်လာမည်ကို ဒေသခံများအနေဖြင့် စိုးရိမ်ထိန့်လန့်နေကြကြောင်း နှင့် ဒေသခံတချို့မှာလည်း ရေးမြို့သို့ ပြောင်းရွှေ့နေထိုင်ကြရန် စီစဉ်နေကြကြောင်း ခေါဇာမြို့ခံတစ်ဦးက ပြောသည်။
“တချို့လည်း မနေ့ကတည်းက ရေးဘက်က ဆွေမျိုးရှိရာနေအိမ်ပြောင်းသွားကြတာမျိုးရှိတယ်။ ဒီနေ့ (ဇူလိုင်လ (၁) ရက်) မှာလည်း တချို့ပြောင်းရွေ့နေကြတာမျိုးတွေရှိပါတယ်” ဟု ၎င်းခေါဇာမြို့ခံက ဆက်ပြောသည်။
ပြီးခဲ့သည့် ဇွန်လ (၁၆) ရက် မွန်းလွဲပိုင်းအချိန်က စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ ခေါဇာမြို့အနီး ကျောက်အိုင်(ဝင်းတမော့ကျေးရွာ) မှ နေအိမ်တစ်လုံးပေါ်ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် အမျိုးသမီး သေဆုံးခဲ့ရသည်။