ကောင်းဝါ-ဇွန်၃၀၊ ၂၀၂၃။
မွန်ပြည်နယ် ရေးမြို့နယ် ကိုးမိုင်ကျေးရွာအနီး မလွဲတောင်ခြေရင်း ရေး – ထားဝယ်ကားလမ်းတွင် ယမန်နေ့ ဇွန်လ (၂၉) ရက် မွန်းလွဲ (၃) နာရီခွဲ အချိန်ခန့်က ကြက်စာ၊ ဝက်စာများတင်ဆောင်လာသည့် (၂၂) ဘီး တွဲကားယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးမြို့မှ ထားဝယ်မြို့ဘက်သို့ ထွက်ခွာလာစဉ် ကိုးမိုင်ကျေးရွာအနီး မလွှဲတောင်တက်လမ်းတွင် အဆိုပါ (၂၂) ဘီးတွဲကားယာဉ် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူထိခိုက်မှုမရှိကြောင်း ပရဟိတအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၎င်းက “တွဲကားခေါင်းခန်း မီးလောင်သွားတယ်။ နောက်ကြက်စာအိတ်၊ ဝက်စာအိတ်စုစုပေါင်း (၁၂၃၄၅) အိတ်တင်လာတဲ့အထဲက အိတ် (၄၀၀) လောက်မီးလောင်ပျက်ဆီးသွားပါတယ်” ဟု ပြောသည်။
စက်ချို့ယွင်းနေသည့်အတွက် အဆိုပါ (၂၂) ဘီး တွဲကားယာဉ်ကို ပြင်ဆင်မှုများလုပ်ဆောင်နေစဉ် ဝါယာရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ထို (၂၂) ဘီး တွဲကားယာဉ်မီးလောင်မှုအား ရေးမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက မီးသတ်ယာဉ် (၂) စီး၊ ရေသယ်ယာဉ် (၂) စီးတို့ဖြင့် သွားရောက် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ (၅) နာရီအချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
Photo Credit – အောင်မင်္ဂလာ လူမှုကယ်ဆယ်ရေးအသင်း (ရေးမြို့)