ကောင်းဝါ-ဇွန်၃၀၊ ၂၀၂၃။
လက်ရှိ မြဝတီ ကုန်သွယ်ရေးဇုန်၌ ထိုင်းနှင့်မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် မြန်မာငွေ ၉၀ ကျပ်လျင် ထိုင်းတစ်ဘတ်သာ ပေါက်ဈေးရှိနေသည့်အတွက် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာမှုကြောင့် အခက်ကြုံလာရကြောင်း ကုန်သည်များ၏ပြောပြချက်အရ သိရသည်။
“ဒီနေ့ပေါက်စျေး ထိုင်းငွေ ၁၁၄၈ ဘတ် မြန်မာငွေတစ်သိန်းရတယ်၊ တကယ်လို့ မြန်မာငွတစ်သိန်းပေးရင်တော့ ဘတ်ငွေ ၁၁၀၀ ပဲရပါတယ်၊ မြန်မာငွေတန်ဖိုး တဖြည်းဖြည်းကျလာနေတယ် ပြီးတော့ လမ်းခရီးမှာလည်းဘဲ ပေးရကမ်းရတာ အရင်ကထက် အဖွဲ့အစည်းတွေများလာတယ် ဂိတ်တွေများလာတယ် ကျနော်တို့ကုန်သည်တွေ တွက်ခြေမကိုက်တော့ဘူး” ဟု မြဝတီမှ မြန်မာကုန်သည်တစ်ဦးက ပြောသည်။
ထိုင်းနိုင်ငံသို့ မြန်မာ့ထွက်ကုန်များဖြစ်သည့် ပြောင်း၊ ရော်ဘာ၊ ငရုတ်၊ ပဲ၊ အားလူး၊ ကြက်သွန်နှင့် ရေထွက်ကုန် ငါး၊ ပုဇွန်၊ ဂဏန်းတို့ကို အဓိကတင်ပို့နေပြီး ထိုင်းနိုင်ငံမှ CMP အထည်အလိပ်၊ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်း၊ စိုက်ပျိုးရေးသုံးနှင့် စက်ရုံသုံး ကုန်ကြမ်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးကုန်ပစ္စည်း၊ စက်နှင့် စက်အပိုပစ္စည်း၊ စားသောက်ကုန်တို့ကို ပြန်လည်တင်ပို့လျက်ရှိသည်။
နယ်စပ်ကုန်သွယ်ရေးကဏ္ဍတွင် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို အဓိကအားထားနေသည်ကိုတွေ့ရှိခဲ့ရပြီး ဧပြီလ (၁) ရက်မှ ဇွန်လ (၁၆) ရက်အထိ အမေရိကန်ဒေါ်လာ (၁) ဘီလျံကျော်အထိ မြန်မာပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၅၇၆ ဒသမ ၁၉၉ သန်း၊ ထိုင်းမှပို့ကုန် အမေရိကန်ဒေါ် လာ ၄၆၁ ဒသမ ၄၆၆ သန်းတန်ဖိုး မြန်မာဘက်သို့ တင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်အရ သိရသည်။
မြန်မာ-ထိုင်းနယ်စပ်တွင် တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်၊ မယ်စဲ့ စသည့် နယ်စပ်ကုန်သွယ် ရေးစခန်းများမှတစ်ဆင့် ကုန်သွယ်မှုဆောင်ရွက်နေပြီး ကုန်သွယ်မှုအများဆုံးမှာ မြဝတီနယ်စပ်ကုန်သွယ်ရေး ဖြစ်သည်။