ကောင်းဝါ- ဇွန်၃၀၊ ၂၀၂၃။
ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားများအနေဖြင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် Certificate Of Identity-CI စာအုပ်ပြုလုပ်ရန် လိုအပ်နေသူများအတွက် စူရတ်ဌာနီနှင့် စမွတ်ဆာခွန်ခရိုင်တို့တွင် မနက်ဖန် ဇူလိုင် (၁) ရက်မှစတင်၍ မိုဘိုင်းကားဖြင့် CI စာအုပ်လာရောက်ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
စူရတ်ဌာနီခရိုင်တွင် ဇူလိုင် (၁၅) နေ့အထိလည်းကောင်း၊ စမွတ်ဆာခွန်ခရိုင် မဟာချိုင် ထလေထိုင်းဈေးအနီးတွင် မိုဘိုင်းရုံးပုံစံဖြင့် ဇူလိုင် (၃၁) ရက်နေ့အထိလည်းကောင်း ပြုလုပ်ပေးသွားမည်ဖြစ်သည်။
သို့ရာတွင် ၁၃-၂-၂၀၂၃ ရက်နေ့တွင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် Work Permit သက်တမ်းတိုးထားသူများသား ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
စီအိုင်စာအုပ်ပြုလုပ်လိုသူများအနေဖြင့် နီးစပ်ရာ 7/11 စတိုးဆိုင်များတွင် CI ကြေးပေးသွင်းနိုင်မည်ဖြစ်သလို CI ကြေးပေးသွင်းထားပြီးသူများမှာ ထပ်မံပေးသွင်းရန် မလိုဘဲ တပါတည်းသွားရောက် ပြုလုပ်နိုင်သည်ဟု ဆိုသည်။
CI ပြုလုပ်ရန်လိုအပ်သူများအနေဖြင့် ဘော်တွန်ဖောင် ၅၀ ပုံစံဖောင်အတွက် ဘတ် ၁၀၀၀ ပေးသွင်းထားသည့် ငွေပြေစာမူရင်း၊ လဝက မှ လက်ဗွေစစ်ဆေးထားသည့် ကိုယ်ရေးအချက်အလက်အထောက်အထား၊ 7/11 တွင် ဘတ် ၇၁၀ ပေးသွင်းထားသည့် မိတ္တူနှင့် မူရင်းပါရှိရန်၊ ၁ လက်မခွဲဓါတ်ပုံ ၂ ပုံ၊ မြန်မာမှတ်ပုံတင်နှင့်အိမ်ထောင်စု (ရှိပါက)၊ အလုပ်ရှင်အထောက်အထားမိတ္တူ၊ အလုပ်သမားတစ်ဦးအတွက် အထက်ဖော်ပြထားသည့် အထောက်အထားများ ၂ စုံ လိုအပ်သည်ဟု သိရသည်။
အသေးစိတ်သိလိုပါက ဖုန်း 087-748-5555, 087-399-4041, 086-979-5285 သို့ မေးမြန်းနိုင်ကြောင်း သက်ဆိုင်ရာက အသိပေးနှိုးဆော်ထားသည်။
အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံသို့ရောက်ရှိနေပြီး ပန်းရောင်ကတ်ပြားရရှိသူများအနေဖြင့်လည်းကောင်း၊ စာအုပ်သက်တမ်းကုန်ဆုံးသူများအတွက် လည်းကောင်း Work Permit ပြုလုပ်ထားပြီးမှသာ ၄ နှစ်သက်တမ်းရှိ CI စာအုပ်ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအနေဖြင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI ရရှိပြီးပါက သတ်မှတ်ချက်နှင့်အညီ အနီရောင် PJ စာအုပ်ကို ပြောင်းလဲလျှောက်ထားနိုင်မည်ဖြစ်သည်။
Source; FED