ကောင်းဝါ ဇွန်၃၀၊ ၂၀၂၃။
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးမတိုင်ခင် ရက်ပိုင်းအလိုတွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က Facebook လူမှုကွန်ရက်မှ ပို့စ်များတင်ခြင်းကိုလုပ်ဆောင်တော့မည် မဟုတ်သလို Facebook ကို ရပ်နားပြီး မဲဆွယ်စည်းရုံးရေးအတွက် Telegram နှင့် TikTok ကို အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။
ပြိုင်ဘက်နိုင်ငံရေးသမားများကို ခြိမ်းခြောက်သည့် ဗီဒီယိုတစ်ခု တင်ခြင်းအတွက် ခြောက်လပိတ်ပင်သင့်သည်ဟု Facebook ကြီးကြပ်ရေးဘုတ်အဖွဲ့မှ ဇွန်လ ၂၉ ရက်က အကြောင်းကြားလာပြီးနောက် ဟွန်ဆန်က Facebook ကို ရပ်နားလိုက်ခြင်းဖြစ်သည်။
ဟွန်ဆန်က “ကျွန်တော်ဟာ Facebookမှာ ပိုစ့်တွေ တင်တော့မှာမဟုတ်ဘူး၊ ဟွန်ဆန်ရဲ့တယ်လီဂရမ်ချန်နယ်မှာ followers ၈၆ဝ,ဝဝဝ ကျော်ရှိနေပါတယ်။ တယ်လီဂရမ်ဟာ Facebook ကို ယှဉ်ပြိုင်နိုင်ဖို့ ကောင်းမွန်လုံလောက်မှုရှိပါတယ်” ဟု ဆိုသည်။
ကမ္ဘောဒီးယားအစိုးရအဖွဲ့ ဝန်ကြီး၊ ဒုတိယဝန်ကြီးချုပ်၊ ဝန်ကြီးချုပ် စသည့် အဆင့်မြင့်နေရာများကို နှစ်ပေါင်း ၃၈ နှစ်ကြာ ရယူခဲ့သော ဟွန်ဆန်က ၎င်း၏သားဖြစ်သူ ဟွန်မာနက်အား အနာဂတ်တွင် ကမ္ဘောဒီးယားနိုင်ငံကို ဦးဆောင်သွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။
လာမည့်ဇူလိုင် ၂၃ ရက်တွင် ကမ္ဘောဒီးယားရွေးကောက်ပွဲကျင်းပမည်ဖြစ်ပြီး အဓိက အတိုက်ခံပါတီကို ကမ္ဘောဒီးယားရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်ခွင့်မပေးသည့်အတွက် လက်ရှိတွင် ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်နေရသည်။
ဟွန်ဆန်သည် Facebook တွင် Follower ၁၄ သန်းရှိပြီး Facebook လူမှုကွန်ရက်ကို ကမ္ဘောဒီးယားတွင် ပိတ်ပင်လိုက်မည်ဟု ခြိမ်းခြောက်ထားသည်။