ကောင်းဝါ ဇွန် ၂၉၊ ၂၀၂၃။
နစက၏ NSPNC နှင့် EAO (၅)ဖွဲ့တို့၏ (၃)ရက်ကြာ ဆွေးနွေးပွဲအတွင်းမှ ငြိမ်းချမ်းရေးညီလာခံကျင်းပရေး အပါအဝင် မူပိုင်းဆိုင်ရာ (၄)ချက်နှင့် လုပ်ငန်းပိုင်းဆိုင်ရာ (၅)ချက်ကို သဘောတူညီမှုများ ရရှိခဲ့သည်။
အထက်ပါဆွေးနွေးပွဲအတွင်း NSPNC ဘက်က ပြင်ဆင်ထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပြင်ဆင်လိုသောအချက်များ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကျင်းပနိုင်ရေးကိစ္စများနှင့် EAO များဘက်က ဘုံသဘောတူညီချက်ရရှိသည့်အချက်များကိုလည်း ယခုအစည်းအဝေး၌ တင်ပြဆွေးနွေးကာ အတည်ပြုနိုင်ခဲ့ကြောင်း EAO (၅)ဖွဲ့၏ ပြောခွင့်ရ ဒေါ်စောမြရာဇာလင်းက ပြောသည်။
“ငြိမ်းချမ်းရေးညီလာခံပေါ့။ ငြိမ်းချမ်းရေးညီလာခံ ဖြစ်ဖို့လိုအပ်တယ်လို့ နှစ်ဦးနှစ်ဖက်က မြင်ကြတာတွေ ရှိပါတယ်။ အဲဒါတွေကိုလည်း ပြောနိုင်ဆိုနိုင်ခဲ့ကြပြီးတော့မှ ငြိမ်းချမ်းရေးညီလာခံတစ်ခု ကျင်းပဖို့ကိုတော့ ကျွန်မတို့ သဘောတူခဲ့တယ်လို့ ပြောလို့ရပါတယ်” ဟု ၄င်းက ဆိုသည်။
NSPNC မှ ကိုယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထိုးထားသော EAO (၅)ဖွဲ့မှ ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုသည် ဇွန်လ ၂၆ မှ ၂၈ ရက်တွင် ပြီးဆုံးခဲ့သည်။
NSPNC ကိုယ်စားလှယ်များနှင့် ALP ၊ DKBA ၊ KNU/KNLA-PC၊ LDU ၊ PNLO လက်နက်ကိုင်(၅)ဖွဲ့တို့ ကိုယ်စားလှယ်များ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြရာတွင် ပါတီစုံဒီမိုကရေစီစနစ်ဖော်ဆောင်ရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်ထောင်စုတည်ဆောက်ရေးနှင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးတို့ ပါဝင်ကြောင်း သိရသည်။
သို့ရာတွင် NCA လက်မှတ်ရေးထိုးထားသည့် မွန်ပြည်သစ်ပါတီ NMSP နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးပါတီ RCSS တို့ ဆွေးနွေးပွဲတက်ရောက်ခဲ့ခြင်းမရှိပေ။