ကောင်းဝါ ဇွန် ၂၇၊ ၂၀၂၃။
ရန်ကုန် – မော်လမြိုင်ကားလမ်း သထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်ကြားရှိ ကျုံအိတ်တံတား မှာ ဇွန်လ (၂၉) ရက် နံနက် (၄) နာရီခွဲ အချိန်ခန့်က မိုင်းခွဲဖျက်ဆီးခံရကြောင်း ဒေသခံများ ထံမှ သိရသည်။
ထိုသို့ ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရသည့်အတွက် တံတားမှာ ကျိုးကျပျက်ဆီးခဲ့ပြီး ယာဉ်တစ်စီးသွားလာနိုင်သည့် အနေအထားမျိုးသာကျန်ရှိကြောင်း သိရသည်။
တံတားမိုင်းခွဲခံရသည့်အချိန်တွင် တံတားပေါ်ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ် (၃) စီး အနက် (၂) စီးမှာ တံတားနှင့် အတူချောင်းအတွင်းကျရောက်ပျက်ဆီးခဲ့ပြီး တစ်ဦးသေဆုံးကာ၊ တစ်ဦးထိခိုက်ရာရရှိခဲ့ကြောင်း၊ မော်တော်ယာဉ်တစ်စီးမှာ တံတားအစပ်တွင် တင်ကျန်နေကြောင်း ဒေသခံတစ်ဦး ကပြောကြားသည်။
“လောလောဆယ်တံတားပေါ်ကို ကားတစ်စီးပြီးမှ တစ်စီးပေးသွားနေတာမျိုးတွေ့ရတယ်။ နှစ်ဖက်သွားလာနေတဲ့ ယာဉ်တွေအများကြီး ပိတ်ဆို့နေပါတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
အဆိုပါ ကျုံအိတ်တံတား အား မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက မိုင်းခွဲဖျက်ဆီးခဲ့သည်ကို မသိရသေးကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရသည်။