ကောင်းဝါ ဇွန် ၂၉၊ ၂၀၂၃။
ဘန်ကောက်မြို့ရှိ ဒွန်မောင်းလေဆိပ်၌ ဇွန်လ ၂၉ ရက်က ခရီးသွားအမျိုးသမီးတစ်ဦး စက်လှေကားစီးနေစဉ် စက်ထဲဘယ်ခြေထောက် ညပ်သွားသဖြင့် ဒူးအောက်ပိုင်း ဖြတ်လိုက်ရကြောင်း ထိုင်းမီဒီယာများက ဖော်ပြသည်။
နံနက် ၈ နာရီခွဲလောက်တွင် ထိုအမျိုးသမီးသည် စက်လှေကားပေါ်သို့ လဲကျသွားပြီးနောက် ဘယ်ခြေထောက်သည် ရွေ့လျားနေသော စက်လှေကားကြားထဲ ညပ်သွားခဲ့ကြောင်း ဒွန်မောင်းလေဆိပ်ဒါရိုက်တာ Mr. Karun Thanakuljeerapat က CCTV မှတ်တမ်းတွေ့ရှိချက်ကို သတင်းထောက်များအား ပြောခဲ့သည်။
အဆိုပါအမျိုးသမီးကို ဆေးရုံသို့ အရေးပေါ်ပို့ဆောင်လိုက်သော်လည်း ဒူးအောက်ပိုင်းမှာ ကြေမွသွားပြီ ဖြစ်သောကြောင့် ဖြတ်တောက်လိုက်ရကြောင်း သိရသည်။
ဒဏ်ရာရသူ အမျိုးသမီးအတွက် ဒွန်မောင်းလေဆိပ်က ဆေးဖိုးဝါးခနှင့် လျော်ကြေးငွေပါ ပေးသွားမည့်အပြင် ထိုဖြစ်ရပ်နှင့် ပတ်သက်သမျှအရာအားလုံးအတွက် စိတ်မကောင်းဖြစ်မိပြီး တာဝန်ယူသွားရန် အသင့်ဖြစ်နေကြောင်း ပြောကြားခဲ့သည်။