ကောင်းဝါ ဇွန် ၂၈၊ ၂၀၂၃။
ဖိလစ်ပိုင်နိုင်ငံ၏ လူမှောင်ခိုကူးမှုတိုက်ဖျက်ရေးစစ်ဆင်ရေးတရပ်တွင် ရဲများက မနီလာမြို့တော်ရှိ အဆောက်အအုံအချို့ကို ဇွန် ၂၆ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့စဥ်အတွင်း လူ ၂၇၀၀ ကျော်ကို ဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသားအပါအဝင် တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှား၊ ပါကစ္စတန်၊ ကင်မရွန်း၊ ဆူဒန်နှင့် ဖိလစ်ပိုင်နိုင်ငံသားများ ပါဝင်ခဲ့သည်ဟု AFP သတင်းတွင် ဖော်ပြသည်။
ဖိလစ်ပိုင်နိုင်ငံသား ၁၅၀၀ ကျော်ပါဝင်သော ဖမ်းဆီးမိထားသည့် လူပေါင်း ၂၇၂၄ ဦးအနက် မည်သူက နစ်နာသူ၊ မည်သူက သံသယရှိသူ ခွဲခြားသိရှိနိုင်ရန် လတ်တလောတွင် အာဏာပိုင်များ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း ဆိုက်ဘာရာဇဝတ်မှု တိုက်ဖျက်ရေးအဖွဲ့မှာ ပြောရေးဆိုခွင့်ရှိသူ ရဲအရာရှိက သတင်းထောက်များကို ပြောကြားသည်။
“အွန်လိုင်းပေါ်က တရားမဝင်လုပ်ငန်းမှာ အလုပ်သမားတွေ ပါဝင်ခြင်းရှိမရှိဆိုတာ အားလုံးကို စစ်ဆေးသွားမှာပါ” ဟု ၄င်းက ပြောကြားသည်။
မှောင်ခိုကူးခံခဲ့ရသည့် နစ်နာသူများသည် အွန်လိုင်းဂိမ်းများအတွက် ကစားသမားများရှာဖွေပေးရမည့် Facebook ပေါ်မှ အလုပ်ခေါ်ယူမှုများကို လက်ခံခဲ့ပြီးနောက်ပိုင်း အများစုမှာ နေ့စဉ်အလုပ်ချိန် ၁၂ နာရီစေခိုင်းခံခဲ့ရပြီး ပီဆို ၂၄၀၀၀ (၄၃၃ ဒေါ်လာ) သာ လစာရရှိကာ ခြံဝင်းအတွင်းပိတ်လှောင်ခံထားရသည်ဟု အထက်ပါရဲအရာရှိက ဆိုသည်။
IMO ၏ အာရှ-ပစိဖိတ်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ အီတာယီ ဗီရီရီက “ပညာတတ်တိုင်းလည်း အလိမ်မခံရဘူးလို့ မပြောနိုင်ပါဘူး။ အလိမ်ခံခဲ့ရသူတွေထဲမှာ ပညာတတ် ပရော်ဖက်ရှင်နယ်တွေတောင် ပါဝင်ခဲ့တာကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်၊ အွန်လိုင်းပေါ်က လိမ်ညာမှုပုံစံဟာ ကွဲပြားခြားနားမှုရှိတဲ့ မှောင်ခိုကူးမှုတစ်ခုဖြစ်ပါတယ်”ဟု ပြောသည်။
နစ်နာသူများသည် လစာအများအပြားရရှိသည့် အလုပ်အကိုင်များကို ရရှိမည်ဆိုသည့် မှောင်ခိုကူးသူများ၏ လိမ်လည်လှည့်ဖျားမှုကို မကြာခဏခံနေရပြီး လွန်ခဲ့သည့်မေလက အာဏာပိုင်များသည် ဖိလစ်ပိုင်နိုင်ငံအတွင်းသို့ မှောင်ခိုကူးခံရပြီး အွန်လိုင်းပေါ်တွင် လိမ်လည်မှုများပြုလုပ်ရန် ထိန်းသိမ်းခံခဲ့ရသည့် အာရှနိုင်ငံအချို့မှ လူတစ်ထောင်ကျော်ကို ကယ်တင်နိုင်ခဲ့သည်။