အယ်ဒီတာ့အာဘော်
မြန်မာနိုင်ငံတွင် လတ်တလော နိုင်ငံရေးမငြိမ်သက်မှုများနှင့်အတူ မူးယစ်ဆေးဝါး ထုတ်လုပ်မှုသည် တဟုန်ထိုး တိုးလာနေသည်မှာ စိတ်ပျက်စရာပင်။ အထူးသဖြင့် ရှမ်း၊ ချင်း၊ ကယားနှင့် ကချင်ပြည်နယ်များတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဘိန်းစိုက်ပျိုးမှု သိသိသာသာ တိုးလာသည်ဟု UNODC အစီရင်ခံထားသည်။
ဘိန်းစိုက်ပျိုးမှုသည် ရှမ်းပြည်နယ် ၃၉ ရာခိုင်နှုန်း၊ ချင်းပြည်နယ် ၁၄ ရာခိုင်နှုန်း၊ ကယားပြည်နယ် ၁၁ ရာခိုင်နှုန်းနှင့် ကချင်ပြည်နယ် ၃ ရာခိုင်နှုန်းရှိလာကာ ၂၀၂၁ ခုနှစ်မှစတင်ပြီး ဘိန်းစိုက်ပျိုးဧက တစ်သိန်းကျော် တနည်းအားဖြင့် ၂၀၁၄ – ၂၀၂၀ ခုနှစ်ကထက် ဘိန်းစိမ်းထုတ်လုပ်မှု ၈၈ ရာခိုင်နှုန်း တိုးလာသည်ဟု ယခုနှစ် ဇန်နဝါရီလ ၂၆ ရက် UNODC အစီရင်ခံစာက ဖော်ပြသည်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ ဘိန်း၊ ဘိန်းဖြူ၊ စိတ်ကြွဆေး၊ အိုက်စ်၊ ဆေးခြောက်၊ ဘိန်းစာရွက်နှင့် ဘိန်းစာမှုန့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၆၂ သန်းကျော်၊ ၂၀၂၂ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၅၃၃ သန်းကျော် တန်ဖိုးရှိမူးယစ်ဆေးများ ဖမ်းဆီးရမိကြောင်း နစကစစ်ကောင်စီ ထုတ်ပြန်ခဲ့သည်။
ထို့အတူ ယမန်နေ့ ဇွန်လ ၂၆ ရက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပခဲ့သည့် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များတွင် စစ်ကောင်စီ-နစကအနေဖြင့် မြန်မာငွေကျပ် ၉၃၆ ဘီလျံကျော် (အမေရိကန်ဒေါ်လာ ၄၄၆ သန်းကျော်) တန်ဖိုးရှိ ဖမ်းမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးသည့်သတင်း ပြသခဲ့သည်။
အကျင့်ပျက်ခြစားသော အုပ်ချုပ်ရေးယန္တရားများနှင့်အတူ မူးယစ်ဆေးဝါးဖြန့်ဖြူးမှုသည် မြို့ကြီးများနှင့် ကျေးရွာများအထိ ပျံ့နှံ့ဝင်ရောက်ခဲ့သည်။ လက်ရှိတွင် ဓာတုပစ္စည်းများကို အခြေခံသော မူးယစ်ဆေးများ ထုတ်လုပ်လာကြသည့် အတွက် မူးယစ်ဆေးဝါး နှိမ်နင်းရာတွင် ပိုမိုခက်ခဲလာသည့်အပြင် မူးယစ်ဆေးဝါးများကို ကုန်တင်ကားများဖြင့်ပါ နိုင်ငံတဝန်း သယ်ယူပို့ဆောင်နေကြသည်။
လူသုံးအများဆုံး စိတ်ကြွဆေးပြား တစ်ပြားကို မြန်မာကျပ်ငွေ ၃၅၀-၅၀၀ ဝန်းကျင်ခန့်၊ ဘိန်းဖြူ ပနယ်စလင် တစ်လုံးကို ကျပ် ၅၀၀၀-၇၀၀၀ ဝန်းကျင်ဖြင့် ပေါပေါများများ ဝယ်ယူရရှိနိုင်ပြီး ရပ်ကွက်အတွင်းမှာပင် မူးယစ်ဆေးဝါး ဝယ်နိုင်သလို KTV အပန်းဖြေနေရာတွေများမှာလည်း ခေတ်ပေါ်မူယစ်ဆေးဝါးများ အလွယ်တကူ ဝယ်ယူနိုင်သည့် အနေအထားအထိဖြစ်လာသည်ဟု စောင့်ကြည့် လေ့လာသူများ ဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှထုတ်လုပ်သော စိတ်ကြွဆေးများကို ထိုင်းနှင့်တရုတ်နိုင်ငံသို့ ကုန်းလမ်းအပြင် ယခုအခါ ရေလမ်းများမှတဆင့် စက်လှေများဖြင့်ပါ တင်ပို့ရောင်းချမှုများရှိလာသည်ဟု ယခုနှစ် UNODC အစီရင်ခံစာက ဖော်ပြသည်။
မကြာသေးမီက ထိုင်းအစိုးရဦးဆောင်ကျင်းပခဲ့သော မြန်မာ့အရေးဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲတွင် EAO အများစုမှာ အမြတ်အစွန်းအလွန်ကြီးမားသည့် မူးယစ်ဆေးဝါးလုပ်ငန်းကို မစွန့်လွှတ်နိုင်သေး၍ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များကို အချိန်ဆွဲနေသည်ဟု နစကစစ်ကောင်စီ နိုင်ငံခြားဝန်ကြီး စွပ်စွဲပြောဆိုခဲ့သည်။
လက်နက်ကိုင်ပဋိပက္ခများ၏ မူလဇစ်မြစ်ကို ဖြေရှင်းခြင်းသည် မူးယစ်ဆေးဝါးထုတ်လုပ်မှု အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာတွင် အဓိကကျကြောင်း၊ အရင်းခံပြဿနာများကို မဖြေရှင်းဘဲ မူးယစ်ဆေးဝါးထုတ်လုပ်မှုကို လက်ညှိုးထိုးပြရုံမျှဖြင့် ရေရှည်တည်တံ့သော အဖြေကို ရရှိနိုင်မည်မဟုတ်သလို ငြိမ်းချမ်းရေးကိုလည်း တည်ဆောက်နိုင်လိမ့်မည်မဟုတ်ကြောင်း ထောက်ပြလိုသည်။