ကောင်းဝါ ဇွန် ၂၇၊ ၂၀၁၃။
နစက၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် NCA-S EAO (၅) ဖွဲ့ခေါင်းဆောင်များ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ငြိမ်းချမ်းရေးညီလာခံကျင်းပရေး နေပြည်တော်၌ ဇွန်လ ၂၆ ရက်နေ့မှစ၍ ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
သို့ရာတွင် NCA လက်မှတ်ရေးထိုးထားသည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS, မွန်ပြည်သစ်ပါတီ NMSP တို့ အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ခြင်းမရှိပေ။
ဆွေးနွေးပွဲသို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှ ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)မှ စစ်ရေးချုပ် ဗိုလ်မှူးကြီးစောစိန်ဝင်း၊ KNU/KNLA-PC ငြိမ်းချမ်းရေးကောင်စီမှ ဒုဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)မှ ဒုဥက္ကဋ္ဌ ကျာဖူး၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းတို့ တက်ရောက်ခဲ့ကြသည်။
NSPNC ဘက်မှ နစက၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ NSPNC အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်လိုသော အချက်များ၊ ယခင် ဆွေးနွေးပွဲများမှ သဘောတူထားသည့် အချက်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကိစ္စ၊ ငြိမ်းချမ်းရေး ညီလာခံကျင်းပရေးကိစ္စ၊ ဒေသတည်ငြိမ်ရေးကိစ္စနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စတို့ကို အပြန် အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။