ကောင်းဝါ ဇွန် ၂၆၊ ၂၀၂၃။
ရေးမြို့နယ် လမိုင်းမြို့ရှိ မြို့အုပ်ချုပ်ရေးမှုးရုံးအပါအဝင်ဌာနဆိုင်ရာရုံးများပိတ်ထားပြီး ရေးမြို့သို့ပြောင်းရွေ့လုပ်ကိုင်နေပြီဖြစ်ကြောင်း သိရသည်။
လက်ရှိ လမိုင်းမြို့တွင် ကျန်းမာရေးဦးစီးဌာနရုံး တစ်ရုံးသာ ဖွင့်လှစ်ထားရှိပြီး ကျန်ဌာနဆိုင်ရာရုံးများ ပိတ်ထားကြောင်း လမိုင်းဒေသခံတစ်ဦးက ပြောကြားသည်။
“ကျန်းမာရေးရုံးတစ်ရုံးဘဲဖွင့်ထားပြီးတော့ ကျန်တဲ့ရုံးတွေအကုန်ပိတ်ထားတယ်။ လုပ်ငန်းတွေကို ရေး မှာ ပြောင်းလုပ်နေကြတယ်။ လမိုင်းက ဝန်ထမ်းတွေလဲရေးမှာ အားလုံးရုံးပြောင်းတက်ရတယ်” ဟု ၎င်းက ဆိုသည်။
လမိုင်းမြို့ မှတ်ပုံတင်ရုံးပိတ်ထားသဖြင့် ရေးမြို့သို့သွားရောက်အကျိုးဆောင်လုပ်ကိုင်ပေးနေသူ အမျိုးသမီးတစ်ဦးကို ရေးဘီးလူးအဖွဲ့မှ လုပ်ကြံသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ် ပြီးခဲ့သည့် ဇွန် (၂၂) ရက်နေ့က ဖြစ်ပွားခဲ့သေးသည်။
“လမိုင်းမြို့မှာ ဌာနဆိုင်ရာရုံးတွေ မဖွင့်တော့ ရေးမြို့ကိုသွားပြီး ရုံးကိစ္စတွေလုပ်ရတာ အဆင်မပြေဘူး။ သွားရေးလာရေးကလည်း စိတ်ချရတဲ့အခြေအနေမှာ မရှိလို့ပါ” ဟု လမိုင်းမြို့ခံတစ်ဦးက ပြောသည်။
ယခုရက်ပိုင်းတွင် လမိုင်းမြို့သို့ ရေးဘီးလူအဖွဲ့မှလာရောက်ပစ်ခတ်မည်ဟု သတင်းထွက်ပေါ်နေသဖြင့် လမိုင်းမြို့ခံ ဒေသခံပြည်သူများတွင် စိုးရိပ်မှုများဖြစ်ပေါ်လျှက်ရှိကြောင်း ၎င်းမြို့ခံက ဆိုသည်။
“လမိုင်းဘုရားဖူးမယ်လို့ရေးဘီးလူက သူ့ဖေ့ဘုတ်မှာတင်ထားတော့ ဆေးရုံဝင်းကနေအပြင်မထွက်ရဲကြဘူး” ဟု လမိုင်းဆေးရုံမှ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့ အနီးတစ်ဝိုက် သံဖြူဇရပ် – ရေး လမ်းမပေါ်တွင် KNU တပ်မဟာ ၆ တပ်ရင်း ၂၇ တပ်ခွဲ ၃ နှင့် PDF တပ်ဖွဲ့များမှ ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များအား စစ်ဆေးလျှက်ရှိကြောင်း သိရသည်။
မြန်မာလုံခြုံရေးတပ်ဖွဲ့များအနေဖြင့် အထူးသဖြင့် စစ်တပ်သည် မိမိတို့၏တပ်ရင်းတပ်ဖွဲ့လုံခြုံရေးကိုသာ အထူးအလေးထားဆောင်ရွက်နေသည်ကိုတွေ့ရပြီး လုံခြုံရေးသတင်းမကောင်းသည့် အခြေအနေမျိုးတွင် လက်နက်ကြီးများဖြင့် စိတ်ထင်သောနေရာများကို ရမ်းသမ်းပစ်ခတ်လေ့ရှိကြောင်း လေ့လာသူများက မှတ်ချက်ပြုထားသည်။