ကောင်းဝါ ဇွန် ၂၆၊ ၂၀၂၃။
ရေးမြို့နယ် နှစ်ကရင်ရဲစခန်းတွင် ယမန်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲဖြစ်စဥ်အတွင်း ရဲ ၂ ယောက် သေဆုံးခဲ့ကြောင်း၊ မြန်မာအမြောက်တပ်မှ ပစ်ခတ်လာသည့်လက်နက်ကြီး လူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားအမျိုးသမီး ၁ ဦး နှင့် ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ရဟတ်ယာဥ်လာရောက်ပစ်ခတ်စဥ်တွင် လူနေအိမ်အချို စက်သေနတ်ကျည်ဆံထိမှန်ခဲ့ကြောင်း သိရသည်။
စစ်တပ်၊ ရဲ၊ BGF၊ မွန်ငြိမ်းချမ်းကာကွယ်ရေးနှင့် ပြည်သူ့စစ်များပါဝင်သော အဖွဲ့ပေါင်းစုံအနက် လူမနေသောရဲစခန်းတွင် နေရာခွဲ၍ အင်အား ၂၀ ခန့် ယာယီစခန်းချထားစဥ် KNU/PDF ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့နံနက် ၁၁ နာရီခဲ့ကျော်ခန့်တွင် လာရောက်ပစ်ခတ်ရာ ရဲ ၂ ယောက် သေနတ်ထိမှန် သေဆုံးခဲ့ကြောင်း ဆယ်အိမ်မှူးတစ်ဦးက ပြောသည်။
“အဲဒီမှာ တိုက်ပွဲ ၂ နာရီလောက် ကြာတယ်၊ နှစ်ကရင်စခန်းက ရဲဒုတပ်ကြပ် မောင်ဖုန်းနဲ့ နောက်ရဲတစ်ယောက် သေတယ်၊ သေနတ်သံခဏ တိတ်သွားတော့ ဘန်ကာအပြင်ဘက်ထွက်လာတဲ့အချိန် ပစ်ခံထိသွားတာ၊ စစ်ရဟတ်ယာဥ်မလာခင် လက်နက်ကြီး ၃ လုံး ရွာအပြင်အစပ်နားလေးမှာ အရင်လာကျတယ် အိမ်တစ်အိမ်မှာ မိသားစု ၄ ယောက်လုံးထိမှန်ပြီး တယောက်သေတယ်၊ အကွက်(၅) မှာ လက်နက်ကြီး တစ်လုံးထပ်ကျတယ် ခလေး ၁ ယောက်ဒဏ်ရာနည်းနည်းရှပ်ထိတယ်” ဟု ၄င်းက ဆိုသည်။
အဆိုပါ ရဲစခန်းတိုက်ပွဲဖြစ်စဥ်အတွင်း သေနတ်ထိမှန်သေဆုံးခဲ့သည့် ရဲ ၂ ဦး အလောင်းကို ယမန်နေ့ ညနေပိုင်းတွင် လူနာတင်ယာဥ်ဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးက လမိုင်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း ၄င်းက ဆက်ပြောသည်။
“ရဲစခန်းမှာ တိုက်ပွဲ ၂ နာရီလောက်ကြာလာတော့ KNU/PDF တွေ ပြန်ထွက်သွားပါတယ် သူတို့ထွက်သွားပြီး နောက်တစ်နာရီကျော်လောက်ကြာမှ စစ်ရဟတ်ယာဥ်ရောက်လာတာပါ၊ မိုးလည်းမရွာဘူး ရွာပတ်လည်တဝိုက်အပြင်ကနေ လှည့်ပတ်ပြီး စက်သေနတ်နဲ့ပစ်တာ အိမ်အချို့ကျည်ဆံထိတယ်၊ KNU/PDF တွေက ထိစရာအကြောင်းလုံးဝမရှိပါဘူး၊ အဲဒီအချိန်မှာ သူတို့ဘယ်ကိုရောက်နေမှန်း မသိတော့တာ” ဟု ၄င်းက ဆိုသည်။
ရွာပတ်လည်တဝိုက်တွင် စစ်ရဟတ်ယာဥ်ပစ်ခတ်ခဲ့သဖြင့် အကွက် ၅ တွင် ၂ အိမ်၊ အကွက် ၆ တွင် ၁ အိမ်၊ အကွက် ၇ တွင် ၂ အိမ် စက်သေနတ်ထိမှန်၍ အိမ်ပေါက်ပြဲမှုရှိခဲ့ကြောင်း၊ စစ်ရဟတ်ယာဥ်ရောက်မလာမီ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အကွက် ၁၀ မှ သေဆုံးသူအမျိုးသမီးအပါဝင် ၄ ဦးနှင့် အကွက် ၅ မှ လူငယ်တစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဆယ်အိမ်မှူးတစ်ဦးက ရှင်းလင်းပြောကြားခဲ့သည်။
ယခုဇွန်လအစပိုင်းတွင် KNU/PDF တပ်ဖွဲ့ နှစ်ကရင်ရွာသို့ ၂ ကြိမ်ခန့်ဝင်ရောက်လာပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနေဝင်းမြင့် ကို ရွာမြောက်ပိုင်းမှာ ခေါ်တွေ့စကားပြောနေစဥ် အမတ ၃၁၇ မြန်မာအမြှောက်တပ်ပစ်ခတ်မှုကြောင့် အမျိုးသမီးသမီးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံး၍ အိမ် ၂ လုံးပျက်စီးကာ ရွာသား ၂ ဦး ထိခိုက်ဒဏ်ရာအသီးသီးရရှိခဲ့ကြောင်း သတင်းဖော်ပြခဲ့သည်။
အဆိုပါတိုက်ပွဲဖြစ်စဥ်နှင့်အတူ နှစ်ကရင်ကျေးရွာအတွင်း လုံခြုံရေးစိတ်မချရဟုဆိုကာ ရွာသားအချို့ အခြားရပ်ရွာများသို့ ခေတ္တပြောင်းရွေ့နေထိုင်မှုများ ရှိကြောင်း ရွာခံအချို့ထံမှ သိရသည်။