ကောင်းဝါ ဇွန် ၂၅၊ ၂၀၂၃။
သံဖြူဇရပ်နှင့် ရေး အမှတ် (၈) အဝေးပြေးကားလမ်းမကြီးအကြား ယနေ့မွန်းတည့်ချိန်မှစတင်၍ လက်နက်ကြီးပေါက်ကွဲသံများ အဆက်မပြတ် ဆက်တိုက်ကြားနေရသောကြောင့် ဒေသခံများ စိုးရိမ်ထိန့်လန့်နေရကြောင်း သတင်းရရှိသည်။
မော့ကနင်ရွာသားတစ်ဦးက “ကနင်ကမော့၊ လိမ္မော်ခြံ၊ ဘေးလမိုင်းဘက်က ရာဘာခြံတွေမှာ လက်နက်ကြီးပေါက်ကွဲသံတွေ ကြားရတယ် ဆက်တိုက်ပဲ၊ နှင်းစုံ၊ ကွန်ဒူးဘက်မှာလည်း လက်နက်ကြီးအသံကြားရတယ်၊ ကျနော်တို့ရွာသားတွေရဲ့ခြံတွေက အဲဒီကရင်ရွာတဝိုက်မှာရှိနေတာပါ တော်တော်စိုးရိမ်ထိန့်လန့်နေရတယ်”ဟု ပြောသည်။
မော့ကနေကျေးရွာနှင့်အနီးတဝိုက်ရှိ မြန်မာစစ်တပ် ခလရ ၁၀၆၊ ခမရ ၅၈၈ နှင့် အမတ ၃၁၇ တပ်ရင်းမှ ပစ်ခတ်သည်ဟု ၄င်းကယူဆပြောဆိုသော်လည်း ကောင်းဝါမှအတည်ပြုနိုင်ခြင်းမရှိပေ။
အလားတူ နှစ်ကရင်ကျေးရွာ မြောက်ဘက်အခြမ်းတွင်လည်း လက်နက်ကြီးပေါက်ကွဲသံများ ကြားခဲ့သည်ဟု ရွာသားတစ်ဦးက ပြောသည်။
၄င်းက “ရွာအပြင်ဘက်မှာ လက်နက်ကြီး ၃ လုံးကျတယ်၊ ရဲစခန်းဘက်မှာလည်း သေနတ်ပစ်သံခတ်သံကြားရတယ် ရဲစခန်းထဲမှာ မြန်မာစစ်တပ် ရောက်နေတယ်၊ ဘယ်သူမှ လမ်းပေါ် မထွက်ရဲကြဘူး၊ ဘာတွေဖြစ်နေမှန်း မသိရဘူး”
အလားတူ သံဖြူဇရပ်မြို့နယ် စခန်းကြီးကျေးရွာအတွင်း KNU တပ်ဖွဲ့ရောက်နေသည်ဟုဆိုကာ လွန်ခဲ့သည့် ည ၁၁ အချိန်ခန့်က သက္ကော့-ဘုရားသုံးဆူလမ်းခွဲရှိ မြန်မာစစ်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
အမှတ် (၈) မော်တော်ကားလမ်းမကြီးပေါ် ဖြတ်သန်းသွားလည်မည့်ယာဥ်များအား ကြည်ဖြူစွာစစ်ဆေးမှုခံယူကြရန် KNU တပ်မဟာ (၆) သတိပေးထားပြီး မလိုက်နာပါက တာဝန်ယူမည်မဟုတ်ကြောင်း ပြီးခဲ့သည့် ဇွန် ၁၀ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။