ကောင်းဝါ ဇွန် ၂၄၊ ၂၀၂၃။
မြဝတီ-ကော့ကရိတ် အာရှလမ်းမ နတ်စင်ကွေ့ ကုန်းဆင်းတွင် ဇွန်လ (၂၄) ရက်နေ့ ညနေ (၄) နာရီ ဝန်းကျင်အချိန်ခန့်က ကွန်တိန်နာတင် တွဲကားတစ်စီးတိမ်းမှောက်ပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက “တွဲကား ခေါင်းခန်းကားညှပ်နေတဲ့ အမျိုးသားကိုတော့ ကော့ကရိတ်မြို့နယ်ပြည်သူ့ဆေးရုံကို ပို့ထားပါတယ်။ သေဆုံးနေသူကိုတော့ ည (၆) နာရီအချိန်အထိတော့ မထုတ်ရသေးဘူး။ ကရိန်းကားကို စောင့်နေရလို့ပါ” ဟု ဆိုသည်။
မြဝတီမြို့ဘက်မှ ကော့ကရိတ်မြို့ဘက်မောင်းနှင်လာသည့် ကုန်တင်နာတင် တွဲကားမှာ ကော့ကရိတ်မြို့အနီး နတ်စင်ကွေ့ ကုန်းဆင်းနေရာတွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်သို့ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း၊ တွဲကားခေါင်းခန်းအတွင်း အမျိုးသားတစ်ဦးမှာ ညှပ်၍သေဆုံးနေပြီး၊ အခြားအမျိုးသားတစ်ဦးမှာလည်း ခြေထောက် နှင့် လက်ညှပ်နေသည့်အတွက် ခက်ခဲစွာကယ်ထုတ်ခဲ့ရကြောင်း ၄င်းက ဆက်ပြောသည်။
ကားသမားတစ်ဦးက “အာရှလမ်းသစ်မှာ အကွေ့အကောက်များတယ်။ ကုန်းတက်၊ ကုန်းဆင်းတွေကလည်းရှည်တယ်။ အကွေ့နေရာတွေမှာ ကား Weight နဲ့ ကုန် Weight များတဲ့ ယာဉ်တွေ အထူးသတိထားပြီး မောင်းနှင်မှ ရပါမယ်။ မဟုတ်ရင် ယာဉ်တိမ်းမှောက်မှုတွေ ဖြစ်နိုင်ပါတယ်။ အဲ့ဒီတော့ သတ်မှတ်ထားတဲ့ လမ်းစည်းကမ်းအတိုင်း မောင်းနှင်ကြစေချင်ပါတယ်” ဟု ပြောသည်။
ဇွန်လ (၂၀) ရက်ကလည်း အဆိုပါ မြဝတီ – ကော့ကရိတ် အာရှလမ်းပိုင်း ကွမ်းခြံကုန်းအဆင်းနေရာ၌ပင် တွဲကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့သေးကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။