ကောင်းဝါ ဇွန် ၂၄၊ ၂၀၂၃။
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို PDF အဖွဲ့က ဇွန်လ ၂၁ ရက် ညပိုင်းတွင် မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားသည်။
အဆိုပါည ၁၁ နာရီအချိန်ခန့်တွင် ထွေအုပ်ရုံးအတွင်းသို့ PDF အဖွဲ့မှရောက်ရှိလာကာ မီးရှို့ဖျက်ဆီးသွားခဲ့ရာ (၁)နာရီခန့်အကြာ မီးငြှိမ်းသတ်ခဲ့ရကြောင်း၊ ရုံးအတွင်းရှိ ဖိုင်တင်စင် ၂ခုနှင့် ရုံးသုံးစာရွက်စာတမ်းများ မီးလောင်ပျက်ဆီးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းက ဖော်ပြသည်။
နောက်တစ်နေ့နံက်ပိုင်းမှစတင်၍ ဒေသခံ PDF/ KNU စစ်ကြောင်းနှင့် မြန်မာစစ်တပ်အကြား ရေး-ထားဝယ်ကားလမ်းမတလျှောက် ယနေ့အထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများမှ သိရသည်။
ကလိန်အောင်မှ မလွှဲတောင်ဂိတ်အကြား ရေး-ထားဝယ် အမှတ် ၈ အဝေးပြေးမော်တော်ကားလမ်းတွင် PDF/ KNU စစ်ကြောင်းများ လှုပ်ရှားလျှက်ရှိကြောင်း ခရီသည်တင်ကားသမားများထံမှ သိရသည်။