ကောင်းဝါ ဇွန် ၂၄၊ ၂၀၂၃။
ထိုင်း-မလေးရှားနယ်စပ်၌ လွန်ခဲ့သည့်ရှစ်နှစ်ခန့်က လူသေအလောင်းတစ်ရာကျော်မြှုပ်နှံထားသည့် ကိစ္စနှင့်ပတ်သက်၍ မလေးရှားအာဏာပိုင်များ အလိုရှိနေသော ထိုင်းနိုင်ငံသား ၄ ဦးကို လွှဲပြောင်းပေးခဲ့ပြီး မလေးရှားတရားရုံးတွင် လူကုန်ကူးမှုဖြင့် ယမန်နေ့က တရားစွဲဆိုလိုက်ကြောင်း သတင်းရရှိသည်။
၂ဝ၁၅ ခုနှစ်က ရိုဟင်ဂျာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လူသေ ၁၃၉ အလောင်း မြှုပ်နှံခံထားရသည့်နေရာကို မလေးရှားအာဏာပိုင်များ ရှာဖွေတွေ့ရှိခဲ့ပြီး သံသယရှိသူ ထိုင်း ၉ ဦးအနက် ပထမ ၄ ဦးကို မလေးရှားအာဏာပိုင်ကို ဇွန်လ ၂၂ ရက်တွင် ထိုင်းအာဏာပိုင်က လွှဲပြောင်းပေးခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံအနေဖြင့် လူကုန်ကူးမှုပြဿနာကို အထူးအလေးအနက်ထား ဆောင်ရွက်နေသည်ကို ပြသခြင်းဖြစ်သည်ဟု ထိုင်းရဲချုပ် Surachate Hakparn ၏ ပြောကြားချက်ကို သတင်းစာများက ဖော်ပြသည်။
၄င်းတို့ ၄ ဦးအပေါ် မလေးရှားနိုင်ငံ၏ လူကုန်ကူးမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခြင်းဖြစ်ပြီး ပြစ်မှုထင်ရှားပါက အများဆုံး ထောင်ဒဏ် ၁၅နှစ်နှင့် ငွေဒဏ်များ ချမှတ်ခံရနိုင်ကြောင်း သိရသည်။
အလားတူ တရုတ်အစိုးရအလိုရှိနေသည့် တရုတ်လူမျိုးလုပ်ငန်းရှင် ရှီဇီကျန်း ဆိုသူကိုလည်း ရွှေကုက္ကိုမြို့သစ်ရှိ လောင်းကစားရုံများမှ လူကုန်ကူးမှုနှင့် အင်တာနက်အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများတွင် ပါဝင်နေမှုတွေအတွက် ယမန်နှစ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဖမ်းဆီးရမိထားပြီး တရုတ်နိုင်ငံကိုပြန်ပို့ရန် ထိုင်းတရားရုံးချုပ်မှ မေလ ၂၅ ရက်နေ့က အမိန့်ချမှတ်ထားသည်။
ရှီဇီကျန်းအနေဖြင့် တရုတ်အစိုးရလက်ထဲလွှဲပြောင်းရောက်ရှိသွားပါက သေဒဏ်အထိအပြစ်စီရင်ခံရနိုင်ကြောင်း လေ့လာသူများက ဆိုသည်။