ကောင်းဝါ ဇွန် ၂၃၊ ၂၀၂၃။
ထိုင်းအစိုးရက ဦးဆောင်ကျင်းပသော မြန်မာ့အရေးဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO အများစုမှာ အမြတ်အစွန်း အလွန်ကြီးမားသည့် မူးယစ်ဆေးဝါးလုပ်ငန်းကို မစွန့်လွှတ်နိုင်သေး၍ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များကို အချိန်ဆွဲနေခြင်းသာဖြစ်ကြောင်း မြန်မာနစကနိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်သည်။
ထိုင်းနိုင်ငံ ပတ္တယားမြို့၌ ဇွန်လ ၁၉ ရက်က ကျင်းပသော မြန်မာ့အရေးဆိုင်ရာ အလွတ်သဘော ဆွေးနွေးပွဲတွင် မြန်မာနစကနိုင်ငံခြားရေးဝန်ကြီး ဝန်ကြီးဦးသန်းဆွေက တရုတ်၊ အိန္ဒိယအပါဝင် အာစီယံနိုင်ငံအချို့မှခေါင်းဆောင်များအား တွေ့ဆုံစဥ် ယင်းသို့ ပြောကြားခဲ့သည်။
ထို့ပြင် လက်ရှိတွင် ဓာတုပစ္စည်းများကို အခြေခံသော မူးယစ်ဆေးများ ထုတ်လုပ်လာကြသည့်အတွက် မူးယစ်ဆေးဝါးကို နှိမ်နင်းရာတွင် ပိုမိုခက်ခဲလာသည့်အပြင် မူးယစ်ဆေးဝါးများကို ကုန်တင်ကားများဖြင့်ပါ နိုင်ငံတဝန်း သယ်ယူပို့ဆောင်မှုများရှိနေပြီး မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုဖြစ်စဉ်များမှာလည်း အများအပြားရှိနေသည်ဟု ဆိုသည်။
သို့ရာတွင် လက်နက်ကိုင်သောင်းကျန်းမှုများသည် နယ်စပ်ဒေသများ၌ ခြေကုပ်ယူနေထိုင်လျက်ရှိသောကြောင့် အိမ်နီးချင်းနိုင်ငံများနှင့် မိတ်ဆွေမပျက်စေရန် ထိန်းသိမ်းဆောင်ရွက်ခဲ့ရသဖြင့် ချေမှုန်းခြင်းမပြုဘဲ တပ်မတော်မှ ထိန်းချုပ်ထားခဲ့ရကြောင်း နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။
မြန်မာစစ်တပ်အနေဖြင့် သာမန်လက်နက်ကိုင်အဖွဲ့များကို လွယ်ကူစွာချေမှုန်းနိုင်စွမ်းရှိကြောင်း၊ အင်အားသုံးချေမှုန်းမှုသည် မိမိတို့နိုင်ငံသားများသာ များစွာသေကျေဒဏ်ရာရကြမည်ဖြစ်၍ ထိန်းထိန်း သိမ်းသိမ်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း နစကနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့သည်။
လက်ရှိ နစကအစိုးရလက်ထက်တွင် EAO များနှင့်တွေ့ဆုံဆွေးနွေးမှု (၁ဝ၆)ကြိမ် ပြုလုပ်ခဲ့သလို ယခင်အစိုးရများလက်ထက်တွင် ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှုအကြိမ် (၅ဝဝဝ)ကျော် ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်း ပြောဆိုထားသည်။
EAO များသည် အဓိကအားဖြင့် နယ်စပ်ဒေသများတွင် မူးယစ်ဆေးဝါး၊ လက်နက်နှင့်လူမှောင်ခိုမှုကဲ့သို့ တရားမဝင်လုပ်ငန်းများမှရရှိသည့် အကျိုးအမြတ်များကို မစွန့်လွှတ်လိုကြ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အပြည့်အဝမပါဝင်ကြကြောင်း သို့ဖြစ်၍ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ အောင်မြင်နိုင်ရေးအတွက် နယ်စပ် ဖြတ်ကျော်တရားမဝင်စီးပွားရေး လုပ်ငန်းများ၊ မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခိုလုပ်ငန်းများနှိမ်နင်းရေးကို အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်သွားလိုကြောင်း နစကနိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုခဲ့သည်။
စစ်အေးလွန်ကာလ ၁၉၉ဝ ဝန်းကျင်၌ နယ်စပ်ဒေသအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးနှင့် အပစ်အခတ်ရပ်စဲရေး Gentlemen Agreement ရရှိခဲ့သော်လည်း ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသော မြန်မာ့နွေဦးတော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် EAO တချို့ပေါင်းစည်းကာ နစကတပ်ဖွဲ့များနှင့် ယခုအခါ မြန်မာနိုင်ငံတဝန်းလုံးတွင် တိုက်ပွဲကြီးငယ်များနေ့စဥ်ဖြစ်ပေါ်လျက်ရှိသည်။
မကြာမီသက်တမ်းကုန်ဆုံးတော့မည့် ထိုင်းအိမ်စောင့်အစိုးရက ဦးဆောင်ကျင်းပသော အဆိုပါ မြန်မာအရေးဆိုင်ရာအလွတ်သဘောဆွေးနွေးပွဲတွင် စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်းနှင့် အင်ဒိုနီးသျှားနိုင်ငံတို့မှ တက်ရောက်ခြင်းမရှိကြောင်း သိရသည်။