ကောင်းဝါ ဇွန် ၂၃၊ ၂၀၂၃။
ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရဲနိုင်အောင် (ခ) ဦးရဲနိုင် (သင်္ချာ) သည် ဇွန်လ (၂၂) ရက် ညနေပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း မြို့ခံများထံမှ သတင်းရရှိသည်။
ဇွန်လ (၂၂) ရက် ည (၆) နာရီဝန်းကျင်အချိန်ခန့်က ကျိုက်ထိုမြို့၊ ကျိုက်ပိကျေးရွာရှိ ကျိုက်ပိတောရဘုန်းကြီးကျောင်းအနီးတွင် ဦးရဲနိုင်အောင်အား အမည်မသိ သေနတ်သမား ၂ ဦးက သေနတ်ဖြင့် (၉) ချက်ခန့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
“ဦးရဲနိုင် က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်ပေမယ့် တဖက်မှာ သူ့ကျူရှင်အလုပ်ကိုလည်း လုပ်ပါတယ်၊ ကျိုက်ပိမှာရှိတဲ့ သူ့ကျူရှင်ဝိုင်းသွားရင်း သေနတ်ပစ်သတ်ခံရတာ ” ဟု ၎င်းနှင့်ရင်းနှီးသူ မြို့ခံတစ်ဦးက ဆိုသည်။
ဦးရဲနိုင်အောင်၏ ရင်ညွန့် ကျည်ဖောက်ဝင်ဒဏ်ရာ(၂)ချက်၊ ယာလည်ပင်း ကျည်ဖေါက်ဝင်ဒဏ်ရာ(၁)ချက်၊ ယာပါး ကျည်ဖေါက် ဝင်ဒဏ်ရာ(၁)ချက်၊ လည်ပင်းအောက် ကျည်ဖေါက်ဝင်ဒဏ်ရာ(၁)ချက်၊ ဝဲနားထင် ကျည်ဖေါက် ဝင်ဒဏ်ရာ(၁)ချက်တို့ရရှိခဲ့ကာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့သည်။
ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့တစ်ဦးဖြစ်သူ ဦးရဲနိုင်အောင် (ခ) ဦးရဲနိုင် (သင်္ချာ) အား လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း ၎င်းတို့ အသုံးပြုသည့် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ထုတ်ပြန်ထားသည်။