ကောင်းဝါ ဇွန် ၂၂ ၊ ၂၀၂၃။
လမိုင်းမြို့လယ်တွင် ဆိုင်ကယ်စီးလာသော အမျိုးသမီးတစ်ဦး ယနေ့နံနက် ၁၀ နာရီကျော်အချိန်ခန့် လမ်းမပေါ်ပစ်သတ်ခံရပြီး သေနတ်သမား ၂ ယောက်က ဆိုင်ကယ်ကိုပါ ယူဆောင်သွားကြောင်း သတင်းရရှိသည်။
ပစ်သတ်ခံရသူမှာ လမိုင်းမြို့ထွေအုပ်ဝန်ထမ်းတစ်ဦး၏မိခင် အသက် ၅၀ နှစ်ဝန်းကျင်ခန့်ရှိ ဒေါ်စန်းမြင့်ကြွယ် ရေးမြို့သူ ဇာတိဖြစ်ပြီး လူနာအား လမိုင်းမြို့လူငယ်ပရဟိတ အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့ လူနာတင်ယာဥ်ဖြင့် သယ်ဆောင်သွားစဥ် ဆေးရုံမရောက်မီသေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
၄င်းက“ဝမ်းဗိုက်တည့်တည့်ချက်ပေါ်မှာတစ်နေရာ နောက်ကျောဘယ်ဖက်ခါးအထက် တစ်နေရာ နောက်ကျောဘယ်လက်ဖျံအောက်နားလေးတစ်နေရာ ဒဏ်ရာ ၃ ချက်၊ ကျည်ခွံ ၇ ခု ၈ ခုလောက်တွေ့တယ်၊ ဆေးရုံရောက်တော့ အသက်မရှိတော့ဘူး၊ သူ့ဆိုင်ကယ်ကို သေနတ်ပစ်တဲ့လူ ယူသွားတယ်” ဟု ဆိုသည်။
သေဆုံးသူမှာ ရေးမြို့မှကွယ်လွန်သူလဝကဝန်ထမ်းဟောင်းတစ်ဦး၏ဇနီးဖြစ်ပြီး လမိုင်းမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရာတွင် ပွဲစားအဖြစ် လူသိများသူတစ်ဦး ဖြစ်သည်ဟု သိရသည်။
အဆိုပါပစ်ခတ်မှုကို ရေးဘီလူးအဖွဲ့က ပြုလုပ်ခဲ့ကြောင်း လူမှုကွန်ယက်ပေါ်တွင် ဖော်ပြခဲ့သည်။
ထို့အပြင် ယနေ့နံနံက်ပိုင်းကျောင်းတက်ချိန်တွင် အဝေးမှလက်နက်ကြီးပေါက်ကွဲသံများ ကိုလည်းလမိုင်းမြို့ပေါ်မှကြားနေရသဖြင့် ကျောင်းသားမိဘများက စိုးရိမ်လျက်ရှိကြောင်း မြို့ခံများမှသိရသည်။
Photo-လမိုင်းမြို့လူငယ်ပရဟိတ အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့။