ကောင်းဝါ ဇွန် ၂၂၊ ၂၀၂၃။
ထိုင်းနိုင်ငံ မဲဆောက်မြို့၌ မကြာခလပိုင်းအတွင်းက မြန်မာနိုင်ငံသား ၇၀၀ အား ထိုင်းတောင်ပေါ်သားမှတ်ပုံတင် (၁၀) နှစ်ဘတ်များကို တရားမဝင်နည်းလမ်းဖြင့် ငွေကြေးပေးဆောင်ပြုလုပ်ခဲ့သည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ပြန်လည်ရုတ်သိမ်းခံရနိုင်ကြောင်း Bangkok Post သတင်းတရပ်တွင် ဖော်ပြသည်။
ထိုင်းနိုင်ငံအတွင်း ၁၀ နှစ်ဘတ် မှတ်ပုံတင်တစ်ခုလျှင် ထိုင်းဘတ်ငွေလေးသောင်းမှ တစ်သိန်းကြားပေးကာ စုစုပေါင်းဘတ်ငွေသိန်း ၃၀ ခန့် တရားမဝင်နည်းလမ်းများဖြင့် ငွေကြေးရယူခဲ့ပြီး တောင်ပေါ်သား မှတ်ပုံတင်ပေးအပ်သည့်ဖြစ်စဉ်များကို သက်ဆိုင်ရာမှ စစ်ဆေးတွေ့ ရှိပြီးနောက် ပါဝင်ပတ်သက်သူ ဝန်ထမ်း ၃ ဦးကို နေရာပြောင်းရွှေ့ကာ ဆက်လက်စစ်ဆေးဖော်ထုတ်နေကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။
မဲဆောက်မြို့နေ ထိုင်းနိုင်ငံသားတစ်ယောက်၏ အိမ်ထောင်စုစာရင်းတစ်ခုတွင် မြန်မာနိုင်ငံသား အယောက် (၁၀၀) ၏နာမည်များ ထည့်သွင်းထားသည်ကိုလည်း စစ်ဆေးတွေ့ရှိခဲ့ရသည်။
ထိုင်းနိုင်ငံတွင် အနေကြာသူ တောင်ပေါ် သားများကိုသာ ၁၀ နှစ်ဘတ် ပြုလုပ်ပေးမှုကို မဲဆောက်မြို့ပိုင်ရုံးက ဇွန်လ (၂၀) ရက်မှစတင်၍ ရပ်ဆိုင်းထားကြောင်း သိရသည်။