ကောင်းဝါ ဇွန် ၂၁၊ ၂၀၂၃။
ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် မြန်မာနိုင်ငံသားများအား (၁၀) နှစ်ဘတ် ထိုင်းမှတ်ပုံတင်ကတ်ပြား ပြုလုပ်ပေးမှုကို ဇွန်လ (၂၀) ရက်မှစတင်၍ ရပ်ဆိုင်းထားလိုက်ပြီးဖြစ်ကြောင်း ထိုင်းသတင်များအရ သိရသည်။
မြန်မာနိုင်ငံသား အယောက် (၇၀၀) အား မဲဆောက်မြို့၌ (၁၀) နှစ်ဘတ် ပြုလုပ်ပေးသည့်ကိစ္စနှင့် ပတ်သက်ပြီး တာဝန်ရှိသူ ဝန်ထမ်း (၄) ဦးကို နေရာပြောင်းရွှေ့ပြီးနောက် ကတ်အသစ်ပြုလုပ်ပေးမှု ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
မဲဆောက်မြူနီစပယ်ရုံးနှင့် မဲဆောက်မြို့နယ်ရုံးက ဝန်ထမ်းအချို့သည် မြန်မာနိုင်ငံသားများကို (၁၀) နှစ်ဘတ် ပြုလုပ်ပေးသည့် ကိစ္စတွင် တစ်ယောက်လျှင် ဘတ်ငွေ (၄၀၀၀၀) မှ ဘတ်ငွေ (၁၀၀၀၀၀) အထိ ရယူခဲ့ပြီး စုစုပေါင်း ဘတ်သန်း (၃၀) လောက် ရယူထားကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။
ထိုဖြစ်စဥ်အပေါ် စစ်ဆေးခဲ့ရာမှာ (၃) လအတွင်း (၁၀) နှစ်ဘတ် ပြုလုပ်ပေးခဲ့သည့် မြန်မာနိုင်ငံသားအယောက် (၇၀၀) အထိရှိခဲ့ကြောင်းနှင့် ထိုင်းနိုင်ငံသားတစ်ယောက်၏ အိမ်ထောင်စုစာရင်းတစ်ခုတွင် မြန်မာနိုင်ငံသား အယောက် (၁၀၀) ၏နာမည်များ ထည့်သွင်းထားသည်ကိုလည်း စစ်ဆေးတွေ့ရှိခဲ့ရသည်။
ထို့ကြောင့် တာ့ခ်ခရိုင်အာဏာပိုင်များက စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ကာ မြန်မာနိုင်ငံသားအယောက် (၇၀၀) ကို ထိုင်းနိုင်ငံအတွင်း သွားလာနေထိုင်ခွင့်ရသည့် (၁၀) နှစ်ဘတ် ပြုလုပ်ပေးရာတွင် ပါဝင်ပတ်သက်ခဲ့သည့် ဝန်ထမ်းများအားအဂတိလိုက်စားမှုဖြင့် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။
အဆိုပါ (၁၀) နှစ်ဘတ် မှတ်ပုံတင်ကတ်ပြားကိုင်ဆောင်သူသည် ၁၀ နှစ်တစ်ကြိမ် သက်တမ်းတိုးရမည်ဖြစ်သကဲ့သို့ မြို့ပိုင်ရုံးထောက်ခံချက်ဖြင့် ထိုင်းနိုင်ငံအတွင်း ခရီးသွားလာခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်ရရှိသည့်အပြင် ဘတ်(၃၀) ကျန်းမာရေးဝန်ဆောင်မှုတွင်လည်း အကြုံဝင်ကြောင်းသိရသည်။