ကောင်းဝါ ဇွန် ၂၀၊ ၂၀၂၃။
ရေးမြို့နယ် ဟံဂံကျေးရွာအုပ်ချုပ်ရေးမှူး ဦးဖိုးထူး(၆၂)နှစ်အား ဇွန်လ (၁၉) ရက်နေ့ ညပိုင်းက အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လာရောက်ပစ်ခတ်ဖမ်းဆီးရာ ဖမ်းမမိ၍ ဇနီးဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ရာဘာခြံ လမ်းဘေးတွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
“ရွာအုပ်ချုပ်ရေးမှူး ဦးဖိုးထူး ကိုသေနတ်နဲ့လာပစ်ကြတာလို့ သိရတယ်။ သူ့ကိူ မမိတော့ သူ့မိန်းမကို ဖမ်းခေါ် သွားတယ်။ ရွာကဆွေမျိုးတွေ လိုက်သွားကြတော့မှ ဦးဖိုးထူး မိန်းမကို လမ်းမှာ တွေ့ရလို့ ရွာကို ပြန်ခေါ်လာကြတယ်လို့ သိရတယ်” ဟု ဆွေမျိုးသားချင်းတစ်ဦးက ပြောသည်။
ဦးဖိုးထူးနေအိမ်တွင် ဇနီးနှင့် သားဖြစ်သူတို့နှင့် အတူရှိနေစဥ် ယမန်နေ့ ည (၁၀) နာရီဝန်းကျင်အချိန်ခန့်တွင် ကလော့ကျေးရွာဘက်မှ ဆိုင်ကယ်သုံးစီးဖြင့် အမည်မသိ လက်နက်ကိုင် ငါးဦး ရောက်ရှိလာပြီး အသင့်ပါလာသည့် ပစ္စတိုဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဦးဖိုးထူး နှင့် သားဖြစ်သူတို့ တိမ်းရှောင်ထွက်ပြေး လွတ်မြောက်သွားပြီး နေအိမ်တွင် ကျန်ရှိသည့် ဦးဖိုးထူး၏ ဇနီးဖြစ်သူ ဒေါ်ပုတင်(ခ) မမီး အား မွန်လက်နက်ကိုင်က ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။
ရေးမြို့နယ်အတွင်း ကျေးရွာများအား လက်နက်ကိုင်အဖွဲ့များလက်နက်ဝယ်ယူရန် ရံပုံငွေထောက်ပံ့ကြေးငွေတောင်းခံ ထားကြောင်း အုပ်ချုပ်ရေးမှူးများထံက သိရသည်။
Photo- မွန်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ၂၀၂၂ ခုနှစ် ဧပြီလအတွင်းက ဟံဂံအုပ်ချုပ်ရေးမှူးရုံးသို့ ဝင်ရောက်လာစဥ်။