ကောင်းဝါ ဇွန် ၂၀၊ ၂၀၂၃။
ရေးမြို့နယ် ကျောက်မိချောင်း (တောင်) ကျေးရွာမှ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦး ယနေ့နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။
ဒေသခံတစ်ဦးက ” အခင်းဖြစ်တဲ့နေရာမှာဘဲ သေနတ်ဒဏ်ရာနဲ့ ဦးရဲဝင်းနိုင်က သေဆုံးခဲ့တာပါ။ သူ့ရုပ်အလောင်းကို ရေးခရိုင်ပြည်သူ့ဆေးရုံကို ပို့လိုက်ပြီ” ဟု ဆိုသည်။
အသက် (၅၉) နှစ်အရွယ် ပြည်သူ့စစ်အဖွဲ့ဝင် ဦးရဲဝင်းနိုင်သည် ယနေ့ဇွန်လ ၂၀ ရက်၊ နံနက် (၉) နာရီအချိန်ခန့်က ၎င်း၏နေအိမ်အတွင်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကျောက်မိချောင်း (တောင်) ကျေးရွာမှ ပြည်သူစစ်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးရဲဝင်းနိုင် အား ရေးဘီလူးအဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းကို ၎င်းတို့ အသုံးပြုသည့် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားထုတ်ပြန်ထားကြောင်း သိရသည်။
စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မွန်ပြည်နယ် ရေးမြို့နယ်အတွင်း စစ်အခြေစိုက်စခန်းများ၊ စစ်ဆေးရေးဂိတ်စခန်းများ၊ ရဲစခန်းများ၊ ဌာနဆိုင်ရာရုံးများ မကြာခဏတိုက်ခိုက်ခံနေရသည့်အပြင်၊ ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများလည်း မကြာခဏပစ်ခတ်သတ်ဖြတ်ခံနေရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။