ကောင်းဝါ ဇွန် ၂၀၊ ၂၀၂၃။
မြန်မာ – ထိုင်း နယ်စပ်ကော်မတီ မြိုနယ်အဆင့် အစည်းအဝေး Thai – Myanmar Township Border Committee (TBC) ကို ယမန်နေ့ (ဇွန် ၁၉ ရက်)က တာချီလိတ်မြိုရှိ 1G1 ဟိုတယ်၌ ပြုလုပ်ခဲ့စဥ် လုံခြုံရေးနှင့်ပတ်သက်၍ နှစ်နိုင်ငံအာဏာပိုင်များက အပြန်အလှန်တောင်းဆိုမှုများ ရှိကြောင်း သိရသည်။
“ထိုင်း-မြန်မာ နယ်စပ်မျဥ်းပေါ်ရှိ “UWSA” တပ်စခန်း (၅) ခု ဆုတ်ခွာပေးရန် ထိုင်းအာဏာပိုင်ဘက်က တောင်းဆိုခဲ့သလို တဖက်မှာလည်း ထိုင်းနိုင်ငံထဲ ခိုအောင်းနေတဲ့ မြန်မာပြည်က ဝရမ်းပြေးတွေကို ဖမ်းဆီးပေးဖို့ ထိုင်းအာဏာပိုင်ကို မြန်မာဘက်က တောင်းဆိုခဲ့တယ်” TBC သတင်းအနီးကပ်စောင့်ကြည့်နေသူတစ်ဦးက ပြောသည်။
တာချီလိတ်ခရိုင်နှင့် ချင်းရိုင်ခရိုင်အကြား နယ်စပ်တွင် မီးရှိခြင်းမီးခိုးမြူငွေ့ဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ရှိ ကျေးရွာများတွင် ပညာရေး၊ ကျန်းမာရေး၊ အားကစားရေးရာများ ပူးပေါင်းဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါးများ တရားမဝင်လမ်းကြောင်းမှ တင်ပိုနေမှုများ၊ လက်နက်ခဲယမ်းများ တရားမဝင် သယ်ဆောင်သည့် ကိစ္စရပ်များ ကိစ္စရပ်များကို ဆွေးနွေးကြသည်ဟု ဆိုသည်။
ထို့ပြင် နှစ်နိုင်ငံနယ်စပ်ဒေသ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ တရားဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ မယ်ဆိုင်ချောင်းရေ ပူးတွဲအသုံးပြုရေး၊ မယ်ဆိုင်ချောင်း ရေကြီးရေလျှံ ကြိုတင်အချက်ပေးကိရိယာ တပ်ဆင်ခြင်းတို့ကိုလည်း နှစ်ဖက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သို့ရာတွင် မြန်မာဘက်ရှိ ကာစီနိုရုံများအတွင်းဖြစ်ပေါ်နေသော ပြည့်တန်ဆာလုပ်ငန်း၊ လိင်လုပ်သားအဖြစ်အဓ္ဓမသွပ်သွင်းခံရမှုများ၊ လူကုန်ကူးခြင်းပြဿနာတို့ကို မည်ကဲ့သို့ ကိုင်တွယ်သွားမည်ကို ယခုကျင်းပသော မြို့နယ်အဆင့် TBC အစည်းအဝေး၌ တင်ပြဆွေးနွေးခဲ့ခြင်းရှိမရှိကို မသိရပေ။