ကောင်းဝါ ဇွန် ၂၀၊ ၂၀၂၃။
ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်ခြေ၊ ကင်မွန်းချောင်းကျေးရွာ (ကင်မွန်းစခန်း) ရှိ ကင်မွန်းချောင်းနယ်မြေရဲစခန်းမှာ ဇွန်လ (၁၉) ရက် ညနေပိုင်းအချိန်က ထပ်မံတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသခံတစ်ဦးက ” ရဲစခန်းထဲကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာတွေရှိခဲ့တယ်။ ဗုံးချတဲ့အချိန်မှာ ရဲစခန်းဝင်းထဲက ပေါက်ကွဲသံတွေ၊ လက်နက်ငယ်ပစ်ခတ်သံတွေ ဆူညံနေတယ်။ ကင်မွန်းစခန်း ဈေးဆိုင်တွေအကုန်ပိတ်ထားတယ်” ဟု ပြောသည်။
လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က အဆိုပါ ကင်မွန်းချောင်း နယ်မြေရဲစခန်းအား ယမန်နေ့ ညနေ (၃) နာရီ (၄၅) မိနစ်အချိန်ခန့်တွင် Drone ဖြင့် ဗုံး (၁၀) လုံးခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ကျိုက်ထိုမြို့နယ်တော်လှန်ရေးအင်အားစု (KRF) ၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ ကျိုက်ထို (ပကဖ) ၊ TPDF , PPDF (KK) , Yangon Eagle Force အဖွဲ့တို့မှ ပူးပေါင်းကာ စစ်ဆေးပစ်မှတ်အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကျိုက်ထိုမြို့နယ်တော်လှန်ရေးအင်အားစု (KRF) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ဧပြီလ (၂၇) ရက် ညနေပိုင်းကလည်း တော်လှန်ရေးပူးပေါင်းအဖွဲ့က Drone ဖြင့် ကင်မွန်းချောင်းနယ်မြေရဲစခန်းအား လာရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လိုင်းခန်းတစ်ခု မီးလောင်ပျက်ဆီးခဲ့ကြောင်း နှင့် ကင်မွန်းချောင်းနယ်မြေရဲစခန်းမှာ ယခုအကြိမ်အပါအဝင် (၉) ကြိမ်ထက်မနည်း တိုက်ခိုက်ခြင်းခံထားရကြောင်း သိရသည်။