ကောင်းဝါ ဇွန် ၁၉၊ ၂၀၂၃။
ရေးတောင်ပိုင်း ခေါဇာမြို့အခြေစိုက်မြန်မာစစ်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသူ ဝင်းတမော့ရွာနေအမျိုးသမီး၏ ကျန်ရစ်သူမိသားစုအား ခလရ (၃၁) အရာရှိတစ်ဦးက ယမန်နေ့တွင် လျှော်ကြေးငွေ ၂ သိန်း လာရောက်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
အနီးအနားတဝိုက်ရှိ ဝင်းတမော့၊ တရုတ်ထောင်၊ ကြုံကညာရွာနှင့် ခေါဇာမြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့၏ ရှေ့မှောက်တွင် ခလရ ၃၁ မှ ဗိုလ်ကြီး ဇော်မျိုးအောင်ဆိုသူ လာရောက်ပေးအပ်ခဲ့သည်ဟု သေဆုံးသူ၏ဆွေမျိုးတစ်ဦးက ကောင်းဝါသို့ ပြောသည်။
၄င်းက “ငွေ ၂ သိန်းနဲ့ လူအသက်တစ်ချောင်းကို အလဲအလှယ်သဘောမလုပ်ချင်ပေမယ့် ရွာလူကြီးတွေကနေတဆင့် အတင်းလာပေးတာ၊ ဒီအမှုကြီးမသွားအောင် လာပိတ်လိုက်တဲ့သဘောပဲ” ဟု ဆိုသည်။
ပြီးခဲ့သည့် ဇွန် ၁၆ ရက် မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်က ခေါဇာမြို့အခြေစိုက် ခလရ(၃၁) မှ ပစ်ခတ်လာသော ၆၀ မမ လက်နက်ကြီးတစ်လုံး ဝင်းတမော့(ကျောက်အိုင်) ရွာနေ မိထွေးကြည် အသက် (၄၀) နှစ် ဦးခေါင်းထိမှန်၍ ပွဲချင်းပြီးသေဆုံးခဲ့ခြင်း ဖြစ်သည်။
ရေးတောင်ပိုင်းတွင် မွန်ပြည်သစ်ပါတီ စစ်ကြောင်း ဝင်ရောက်လှုပ်ရှားနေသဖြင့် လတ်တလောကာလအတွင်း တခြားလက်နက်ကိုင်အဖွဲ့အစည်းများ ဝင်ရောက်လှုပ်ရှားခြင်းမရှိကြောင်း သိရသည်။