ကောင်းဝါ ဇွန် ၁၇၊ ၂၀၂၃။
မွန်ပြည်နယ်မြောက်ပိုင်း ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ အမှတ် (၁) ရပ်ကွက်ရှိ ရွာလေးကွက်သစ်ပိုင်း၌ ယမန်နေ့ ညပိုင်းက လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး (၄) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ရွာသားတစ်ဦးက “လက်နက်ကြီးကျည် (၃) လုံး ရွာထဲကျတယ်။ နေအိမ်နှစ်လုံးကြားမှာ ပေါက်ကွဲလို့ အမျိုးသမီးတစ်ဦးသေဆုံးတယ်။ သူ့ယောက်ျားနဲ့ ၅ နှစ်သမီးလေးလည်း ထိခိုက်ဒဏ်ရာရတယ်။ ပြီးတော့ ယောကျ်ားတစ်ဦး၊ မိန်းမတစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်” ဟု ပြောသည်။
ဇွန်လ ၁၆ ရက် ည (၈) နာရီဝန်းကျင်အချိန်ခန့်က လက်နက်ကြီးကျည် (၃) လုံးကျရောက်ပေါက်ကွဲသည့်အတွက် ရွာလေးကွက်သစ်ပိုင်းနေ ဒေါ်အေးအေးနွယ် (၃၈ နှစ်)သေဆုံးပြီး မသဇင်အောင်(အသက် (၅) နှစ်)၊ ဦးဇင်ဘိုလတ်၊ ဦးရှိန်းကျော်၊ ဒေါ်ချိုမာသန်းတို့ ဒဏ်ရာအသီးသီး ရရှိခဲ့သည်။
မည်သည့်အဖွဲ့အစည်းက လူနေရပ်ကွက်ထဲ လက်နက်ကြီးပစ်ခတ်ခဲ့သည်ကို ဝန်ခံပြောဆိုမှုများမတွေ့ရသေးသော်လည်း Online လူမှုမီဒီယာများတွင် တဖက်နှင့်တဖက် အပြန်အလှန်စွပ်စွဲပြောဆိုနေကြသည်ကို တွေ့ရကြောင်း၊ ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား သိမ်ဇရပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးကုသမှုပေးထားကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ (၃၁) ရက်မှာလည်း ကျိုက်ထိုမြို့နယ် လှည်းလမ်းကူးကျေးရွာရှိ နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် (၆) နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် မိသားစုဝင် (၆) ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိသည်။