ကောင်းဝါ၊ ဇွန် ၁၆၊ ၂၀၂၃။
မွန်ပြည်နယ်တောင်ပိုင်း ခေါဇာမြို့အခြေစိုက်မြန်မာစစ်တပ်မှ ယနေ့မွန်းလွဲပိုင်းအချိန်က လက်နက်ကြီးပစ်ခတ်မှုကြောင့် မြို့ပတ်ဝန်းကျင်ရှိ ရွာသူအမျိုးသမီးတစ်ဦး၏ ဦးခေါင်းထိမှန်၍ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း နီးစပ်ရာဆွေမျိုးများက ကောင်းဝါသို့ ပြောသည်။
“အိမ်နောက်ဖေးမှာ ရေချိုးနေတုန်း လက်နက်ကြီး ဦးခေါင်းထိသွားတာ တည့်တည့်ပဲ၊ ဦးခေါင်းတစ်လုံး ရစရာမရှိအောင် ကြေမွပြီး ပွဲချင်းပြီးသေဆုံးသွားတာပဲ” ဟု ခေါ်ဇာမြို့နေ ဆွေမျိုးတစ်ဦးက ပြောသည်။
ယနေ့ ဇွန် ၁၆ ရက် မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်တွင် ခေါဇာမြို့အခြေစိုက် ခလရ(၃၁) မှ ပစ်ခတ်လာသော လက်နက်ကြီးတစ်လုံး မြို့၏အနောက်အရပ်ဘက်ရှိ ဝင်းတမော့(ကျောက်အိုင်) ရွာနေ မိဌေးကြည် အသက် (၄၀) နှစ် နိုင်အောင်၊ မိလှတို့၏သမီး ဦးခေါင်းထိမှန်၍ ပွဲချင်းပြီးသေဆုံးခဲ့ခြင်း ဖြစ်သည်။
“ခေါဇာရဲတွေ ရောက်လာတယ် တရုတ်ထောင်ရွာ (ကြုက်ထံင်) နဲ့ ဝင်းတမော့ရွာလူကြီးတွေနဲ့အတူ အလောင်းကိုလာကြည့်သွားတယ်၊ ဒီမှာလက်နက်ကြီးထိမှန်လို့ လူသေတဲ့ကိစ္စကို ခလရ ၃၁ တပ်ရင်းအရာရှိဆီကို သတင်းပို့တယ် အလောင်းကို ဘယ်လိုသဂြိုလ်ရမလဲ မေးတာ ဖုန်းပိတ်လိုက်တယ်” ဟု ၄င်းက ဆက်ပြောသည်။
လက်ရှိတွင် အလောင်းကို သေဆုံးသူ၏နေအိမ်တွင် ဆက်လက်ထားရှိပြီး မနက်ဖန်တွင် မီးသဂြိုလ်ရန် စီစဥ်နေသည်ဟု သိရသည်။
ယနေ့တွင် ခလရ (၃၁) ၏ တပ်မွေးနေ့ကျင်းပသည့် အထိန်းအမှတ်ဖြင့် နံနက်ပိုင်းတွင် လက်နက်ကြီး ၂ လုံးပစ်ခတ်ရာ မြို့အပြင်၌ပေါက်ကွဲသံ ကြားရသော်လည်း ထိခိုက်ပျက်စီးမှု သတင်းမသိရသေးဟု ခေါ်ဇာမြို့ခံတစ်ဦးက ဆိုသည်။
ရေးတောင်ပိုင်းဒေသတစ်ခုလုံးအနေဖြင့် လက်ရှိအချိန်တွင် မွန်ပြည်သစ်ပါတီ စစ်ကြောင်း ဝင်ရောက်လှုပ်ရှားနေသောကြောင့် အခြားမည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမှ လှုပ်ရှားခြင်းမရှိကြောင်း သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်မှူးများထံမှ သိရသည်။
အလားတူ ယခုသီတင်းပတ်တွင်လည်း ရေးမြို့နယ်မြောက်ပိုင်း နှစ်ကရင်ကျေးရွာ၌ မြန်မာအမြှောက်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သူအမျိုးသမီးတစ်ဦးသေဆုံး၍ လူ ၂ ဦးထိခိုက်ဒဏ်ရာရရှိသည့်အပြင် နေအိမ် ၂ လုံးထိခိုက်ပျက်စီးခဲ့သည်။