အယ်ဒီတာ့အာဘော်
တော်လှန်ရေးကာလတွင် မဟာမိတ်များလိုအပ်မှုမှာ အရေးအကြီးဆုံး ဖြစ်လာသည်။ တော်လှန်ရေးသမားများသည် တူညီသောဘုံရည်မှန်းချက် သို့မဟုတ် ဘဝတူအဖွဲ့အစည်းများ၏ ထောက်ခံမှုကို ရယူလေ့ရှိကြသည်။
တော်လှန်ရေးသမားများသည် ကတိများပေါ်တွင်သာမက တည်ကြည်မှုနှင့် စစ်မှန်သောထောက်ခံမှုသမိုင်းကို ကိုးကား၍ သတိနှင့်ချဉ်းကပ်ရန်လိုအပ်သလို ယုံကြည်ချက်နှင့် မယိမ်းယိုင်သော ခံယူချက်အပေါ် အခြေခံအုတ်မြစ်ကို တည်ဆောက်၍ ၎င်းတို့၏အမြင်ကို အဆုံးတိုင်အောင် မျှဝေခံစား ရပ်တည်လိုသည့်သူများနှင့် မဟာမိတ်ဖွဲ့ရမည်ဖြစ်သည်။
သို့သော်လည်း အဆိုပါမဟာမိတ်များအချင်းချင်းတို့အကြား ယုံကြည်စိတ်ချရမှုသည် တော်လှန်ရေးတစ်ခု၏ အောင်မြင်မှု သို့မဟုတ် ကျရှုံးမှုကို ဆုံးဖြတ်ရာတွင် အရေးပါသောအချက်တစ်ခု ဖြစ်စေနိုင်သည်။ ကံမကောင်းစွာဖြင့် မဟာမိတ်များအချင်းချင်းသည် မိမိအဖွဲ့၏ကိုယ်ကျိုးစီးပွားကြောင့် နောက်ပိုင်းတွင် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ယုံကြည်စိတ်ချရကြောင်း သက်သေမပြနိုင်ဘဲ ၎င်းတို့၏ မဟာမိတ်အခန်းကဏ္ဍသည်လည်း တဖြည်းဖြည်းနှင့် မှေးမှိန်လာသည်။
တဖက်မှာလည်း တော်လှန်ရေးကာလ ရှည်ကြာလာသည်နှင့်အမျှ မဟာမိတ်အဖွဲ့၏ သဘောသဘာဝသည်လည်း သူ့အလိုလို ပေါ်လာတတ်သည်။ ကတိပြုထားသည့် အကူအညီများ အကောင်အထည်မဖော်နိုင်ခြင်း၊ ကတိမတည်ခြင်း၊ တုံ့ဆိုင်းခြင်းတို့သည် အားကိုးမရသော မဟာမိတ်အသွင်ဆောင်ပြီး တော်လှန်ရေး၏ အရှိန်အဟုန်ကို ထိခိုက်စေသည်။
တော်လှန်ရေးအောင်မြင်မှုသည် ၎င်းတို့မဟာမိတ်များ၏ ယုံကြည်စိတ်ချရမှုနှင့် တည်ကြည်မှုအပေါ်တွင် မူတည်သည်။ ယုံကြည်စိတ်ချရသော ပံ့ပိုးကူညီမှုမရှိဘဲ လွတ်မြောက်ရေးလမ်းကြောင်းသည်လည်း သစ္စာမဲ့၊ ဆုတ်ယုတ်မှုများနှင့် မသေချာမရေရာမှုများဖြင့် ပြည့်နှက်နေမည်ဖြစ်သည်။ ထို့ကြောင့် တော်လှန်ရေးတွင် အားကိုးမရသော စစ်ဘက်မဟာမိတ်တို့ကို မိမိတို့၏ ပညာဆင်ခြင်ဥာဏ်ဖြင့်ယှဥ်၍ သတိထားမိရန် အရေးကြီးသည်ဟု ရှမြင်သည်။